Showing posts with label အထွေထွေမှတ်တမ်း. Show all posts
Showing posts with label အထွေထွေမှတ်တမ်း. Show all posts

Saturday, January 16, 2016

"နာဂ" လူမျိုးများအကြောင်း























"နာဂ" လူမျိုးများအကြောင်းနှင့်ဓလေ့ရိုးရာများ
•••••••••••••••••••••••••••••••••••••••••••••••••
မြန်မာ နိုင်ငံ ၌ တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၀၀ ကျော် ရှိသည့် အနက် အချို့ မှာ ထူးခြား လေးနက် သော သဘာဝ ရှိပြီး တောင်တန်း နေ မျိုးနွယ် စု များ ၏ ပကတိ ဘ၀ ပုံရိပ် များ မှာ စိတ်ဝင်စား စရာ ကောင်း လှပါ သည်။ နာဂ တိုင်းရင်းသား များသည် ချင်း ပြည်နယ် ဆွမ်မရ တောင်တန်း ဒေသ နှင့် မြန်မာပြည် မြောက်ဖျား ပိုင်း တောင်ကုန်း ထူထပ်ရာ ဒေသ များ တွင် နာဂ လူမျိုးစု များ ပြန့်ကျဲစွာ နေထိုင် ကြသည်။
ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာ သန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ် စု ဆင်းသက် ပုံ အရ တိဗက် အာသံ မြန်မာ မျိုးနွယ် စု ဖြစ်သည်။ နာဂ လူမျိုး များ မွေးဖွား လာလျှင် မိဘ များက ယောကျာ်း ဆို ဓားတစ်လက် လှံ တစ်လက်၊ မိန်း ကလေး ဆို ပုတီး လက်ကောက်တွေ လုပ်ပေးပြီး ရိုးရာ သီချင်းတွေ၊ အက တွေ သင်ပေး ကြသည်။
ကောက်သစ် စားပွဲ
•••••••••••••••••••••
နိုဝင်ဘာ ၁၅ ရက် စပါးရိတ် သိမ်းပြီး ချိန် တွင် ကောက်သစ် စားပွဲ ကျင်း ပလေ့ ရှိသည်။ ကောက်သစ် စားပွဲ တွင် ရွာထဲက တိရစ္ဆာန် မဟုတ်ဘဲ တောကောင် လိုက်ပြီး ဧည့်သည် များကို ဧည့်ခံ ကျွေးမွေး ကြောင်း သိရသည်။
နာဂ နှစ်သစ်ကူး ပွဲတော်
•••••••••••••••••••••••••
နာဂ နှစ်သစ်ကူး ရိုးရာ ပွဲတော် ကို စစ်ကိုင်း တိုင်း တွင် ကျင်းပ ပြီး နောက် ချင်း ပြည်နယ် တွင် ဆက်လက် ကျင်းပ ကြသည်။ စစ်ကိုင်း တိုင်း တွင် ကျင်းပ သော မြို့နယ် များမှာ ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ် တို့ ဖြစ်သည်။ နာဂ နှစ်သစ် ကူး ရိုးရာ ပွဲတော် သည် လူမှုရေး ပွဲတော် ဖြစ်ပြီး ကုန်လွန် ခဲ့သော နှစ် တစ်နှစ် က အတွေ့ အကြုံ များ ကို ဖလှယ် ရန် နှင့် လာမည့် နှစ်သစ် တွင် တွေ့ကြုံ နိုင်သော အခက် အခဲများ ကို ကြိုတင် ဖြေရှင်း ရန် ကောင်းမွန် သော စီမံကိန်း များ ချမှတ် နိုင်ရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ပွဲတော် တွင် လာမည့် နှစ်တွင် သီးနှံများ တိုးတက် ဖြစ်ထွန်း ၍ ရာသီ ဥတု ကောင်းမွန်ရန် နှင့် အိမ်မွေး တိရိစ္ဆာန် များ ရောဂါဘယ ကင်းဝေး စေရန် ဆုမွန် ကောင်းများ တောင်းကြ သည်။
နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် သို့ နာဂ တိုင်းရင်းသား များနေထိုင်သော ရနိုင် တောင်တန်း၊ မုတ် တောင်တန်း၊ ပတ်ကွိုင် တောင်တန်း၊ ဟူး ကောင်း တောင်တန်း၊ ခန္တီးခရိုင် နယ်စပ် ရှိ နာဂ တိုင်းရင်းသား များ ပါ ခန္တီး ခရိုင် နန်းယွန်း မြို့ရှိ နာဂ ရိုးရာ ပွဲတော် သို့ တက်ရောက် ကြ ကြောင်း သိရသည်။ နန်းယွန်း မြို့နယ် နှင့် ထိစပ် နေသော လိတ်နိုချောင်း၊ ဟာနူးချောင်း၊ နောင်ယန်း အင်းနှင့် နောင်ဆိုင် အင်း တို့၌ နေထိုင် သော နာဂ တိုင်းရင်းသား များပါ တက်ရောက် သဖြင့် နာဂရိုးရာ ပွဲတော် သည် အလွန်ပင် စည်ကား သည်။
နာဂ တိုင်းရင်းသား များ သည် အစဉ်အမြဲ ကျင်းပ ပြုလုပ် သော ပွဲတော် ဖြစ် သည့် နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် ကို နှစ်စဉ် ဇန်န၀ါရီ ၁၅ ရက်တွင် ကျင်းပ သည်။ နာဂ တိုင်းရင်း သားများ ပြန်လည် ဆုံ တွေ့သော ပွဲတော် ဖြစ်သည့် အတွက် တစ်ဦးနှင့် တစ်ဦး အမှတ် တရ အဖြစ် ကြက်၊ ငှက်၊ ၀က်၊ကျွဲ၊ နွား နှင့် နွားနောက် တို့ အပြင် ကိုယ်တိုင် ရက်လုပ် ထားသည့် ခြုံစောင်၊ လက် ရက်ခြင်း၊ ကြိမ်ကွင်း၊ ငွေ ကွင်းစသည် တို့ကို လည်း လက်ဆောင် အဖြစ် ပွဲတော် ကာလ အတွင်း လဲလှယ် ကြသည်။
ဤကဲ့သို့ လက်ဆောင် ပေးရာ တွင် ကြီး မားပြီး သယ်ဆောင် ရာ တွင် မလွယ်သော ကျွဲ၊ နွားများ ကို ငွေကြေး တန်ဖိုး ဖြင့် သတ်မှတ် ပြီး ပေး အပ်ခြင်း ကို နာဂ လူကြီး က ရှင်းပြ ၍ သိရ သည်။ ထို့ အပြင် နာဂ မျိုးနွယ်စု များ၏ ကောက်စိုက် ပွဲတော် ကောက်ရိတ် ပွဲတော် တို့ကို လည်း အစဉ် အလာ မပျက် ကျင်းပ ကြကြောင်း သိရသည်။
နေထိုင်ရာအကျယ်အ၀န်း
•••••••••••••••••••••••••••
နာဂ တိုင်းရင်းသားများ နေထိုင် သော တောင်တန်း တောင်ကုန်း များသည် စုစု ပေါင်း ဧရိယာ စတုရန်း မိုင်ပေါင် ၂,၅၅၅ ကျော် ကျယ်ဝန်း ကြောင်း သိရ သည်။
နာဂရိုး ရာ ပစ္စည်း များ
••••••••••••••••••••••••
နာဂ တိုင်းရင်းသား မျိုးနွယ်စု များ၏ နာဂ ရိုးရာ ပစ္စည်းများ ကို ခန္တီး မြို့ ၊ ဇီးဖြူ ကုန်းရပ် ရှိ လေယာဉ် ကွင်း သွား ကားလမ်း တွင် ပြတိုက် အဖြစ် ဖွင့်လှစ် ပြသ ထားကြောင်း သိရသည်။ ခန္တီး မြို့မှာ ကန်ဇင်းပင် များ ပေါက်သော နေရာ တွင် ရွာတည် ခဲ့ရာမှ ဖြစ်ပေါ် လာသော အမည် ဖြစ်ပြီး ဇန်းခူးရိန် မှ ဇင်္ဂလိန်း ရွာ အဖြစ် ဇင်္ဂလိန်း နာဂ လူမျိုးစု များ က တည်ထောင် ခဲ့ကြ သည်။ လက်ရှိ ခန္တီးမြို့ မှာ ရှေး အခါ က ဇင်္ဂလိန်း နာဂ နေသူများ တည်ထောင် ခဲ့ကြောင်း ခန္တီး သမိုင်း မှတ်တမ်း များမှာ တွေ့ရ သည်။ ခန္တီး၊ လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ် များမှာ တောင်ပေါ် နေ နာဂ တိုင်းရင်းသား များ ၏ ဒေသ ဖြစ်သဖြင့် နာဂ တောင်တန်း ဒေသ ဟု လူသိ များ ခဲ့သည်။
"ပယင်း နားရောင်း၊ ပယင်း လည်ဆွဲ၊ သန္တာပုတီး၊ ကျားစွယ် တွေက ခန္တီးမြို့ ဦးပိုင်း ကတွေ့တဲ့ နာဂ ရိုးရာ ပစ္စည်းတွေ ပါ။ နာဂ မြေအိုး၊ နာဂ ကြေး လက်ကောက် တွေက ကတိုး နဲ့ စိန်နန်း ရွာ စေတီပျက် တွေ ထဲကတွေ့ တဲ့ ပစ္စည်း တွေပါ။ နာဂ ပယင်း နားရောင်း၊ ပုတီး ရောင်စုံ၊ နာဂ ကြေး လက်ကောက် နဲ့ ငွေဒင်္ဂါး တွေက ထမံသီ ဘက်က တွေ့တာပါ။ နာဂ လူမျိုး တွေဟာ ရှေး ကတည်း က ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်တယ် ဆိုတာ ပြိုပျက် သွားတဲ့ ဘုရား တွေမှာ ဋ္ဌာပနာ ထဲက ရရှိတဲ့ နာဂ ရိုးရာ ပစ္စည်းတွေ ကြည့် တာနဲ့ သိနိုင် ပါတယ်" ဟု ပြတိုက် တာဝန်ရှိ သူ နာဂ အမျိုးသား ဦးကိုင်လုံ က ပြောသည်။နာဂ ရိုးရာ ပြတိုက် တွင် နာဂ လှံများ၊ ပုဆိန် များ၊ ဓားနှင့် ပေါက်ပြား များ၊ ရိုးရာ သုံး အသုံး အဆောင် ပစ္စည်း မျိုးစုံ ခင်းကျင်း ပြသ ထားရာ ခန္တီး မြို့သို့ လာရောက် သူများ ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်သည်။
ယခုနေထိုင်ရာ ဒေသ
•••••••••••••••••••••••
ယခု အခါ နာဂ တောင်တန်း ဒေသ တွင် နောက်အော်၊ လိုင်းနောင်၊ ပုံညို၊ လောင် တိန်၊ ပိန်းကူး၊ ရောင်ကွန်၊ တိုက်တီး၊ ကျမ်း၊ တန်ကွန်၊ လော၊ ပါရာ၊ မကူတီ၊ ကားရော၊ ဟိုင်းမြေ စသော မျိုးနွယ်စု ခွဲပေါင်း ၅၇ မျိုး ရှိပြီး နာဂ တိုင်းရင်းသား လူဦးရေ ၂ သိန်း နီးပါး ရှိပြီး နာဂ လူမျိုး အများစု သည် စစ်ကိုင်း တိုင်း ဒေသ ကြီး ခန္တီး မြို့နယ်၊ ဟုမ္မလင်း မြို့နယ်၊ လေရှီး မြို့နယ်၊ လဟယ် မြို့နယ်၊ နန်းယွန်း မြို့နယ် တို့တွင် နေထိုင် ကြသည်။
••••••••••••••••••••••••••••••••••••••••••••••••••••••
မှီငြမ်း>>>>ကိုးကား နာဂ ရိုးရာပွဲတော်
စာရေးသူ>မင်းနိုင်အောင်အားCreditပေးပါသည်။

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

Thursday, December 10, 2015

တိုင်းလူး / Tai Lue



(ဆစ်ဆောင်ပန်းနား)ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် ရှမ်းပြည်နယ် (မြန်မာ)၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်လှက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။
ထိုကဲသို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လဲ အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။
မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟုအဓိပ္ပာယ်ရှိသည်။
ငါးမြိုမှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး"နား" သည် လယ် ဖြစ်သည်။
တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုန်းဟိုင်းဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။
အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅၀,၀၀၀ ဦး၊ ကျိုင်းတုံဒေသတွင် ၅၀၀,၀၀၀ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅၀,၀၀၀ ဦးရှိသည်။
ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုန် (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီတောင်းခဲ့သည်။ နောက်ပိုင်းတွင်တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။
အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြိုတော်များက သုံးမြို့ရှိသည်။
၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ)၊ မိန်းလျဲန်း (တရုတ်)၊ ကျိုင်းဟုန့် (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။
နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေရသည်။
မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
Thank You
-Shan Fashion-

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

သျှမ်း ဓလေ့ထုံးစံများ ယဉ်ကျေးမှုရိုးရာ







  1. သျှမ်းတွေ စည်တော်လဲရှိ ဗုံတိုလဲသုံး သျှမ်းတို့ဟာ နေထိုင်ရာဒေသ ကျယ်ပြန်လှတဲ့အတွက် ဒေသအလိုက်အသုံးပြုသော ဓလေ့ထုံးစံများ ယဉ်ကျေးမှုရိုးရာ တူရိယာတွေဟာများပြားစုံလင်လှပါတယ် အများအားဖြင့်သျှမ်းတူရိယာဆိုလျှင်း အိုးစည်ရှည်ကိုသာပြေးမြင်မိကြမှာပါ အမှန်က ဗုံ ရှည်တီးသလို ဗုံတိုကိုလဲသူနေရာနှင့်သူအသုံးပြုကြပါတယ် တိုင်း(တိုင်းလုံသျှမ်းကြီး)တွေဟာ အများအားဖြင့်အိုးစည်ရှည်တီးလေ့ရှိပြီး ဗုံတိုကိုတော့ သျှမ်းဆိုင်းဝိုင်းများမှာသာ အသုံးပြုကြပါတယ် ဒါပေသည့် လုံးဝမသုံးတာမဟုတ်ပါဘူး သူ့နေရာနဲ့သူသုံးပါတယ် တိုင်းနွိုက်အုပ်စုဝင် ဂုံသျှမ်း တိုင်းခင် တိုင်းလိများဟာလဲဗုံရှည် ဗုံတိုဆိုဒ်စုံ အသုံးပြုလေ့ရှိပါတယ် ဖားစည် ဆိုတာလဲ သျှမ်းတွေအသုံးပြုတဲ့သျှမ်းပစ္စ္စည်းသာလျှင်ဖြစ်ပါတယ်
  2. Mokkham Sai


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

ရိုးရာမဟာသက်ြန်စည်တော်တင်ပွဲ

ရိုးရာမဟာသက်ြန်စည်တော်တင်ပွဲ ကျိုင်းတို့မြို့







လွန်ခဲ့သော၆၀၄နှစ်တုန်းကကျိုင်းတုံဒေသ
မှာမီးဘေးအန္တရယ်ကျရောက်ခဲ့ပါတယ်။ဗေဒင်ယတြာအစီအရင်အရ နမ်ခင်နွဲ့ရေချောင်းကမ်းစပ်က လခြမ်းကိုကိုက်ထားတဲ့ဖားရုပ်တုဆီ စည်တော်ပို့ဆောင်ပွဲကျင်းပခြင်းဖြင့်
ပြည်သူတွေငြိမ်းချမ်းဘေးကင်းကာ
အရာရာပြည့်စုံမယ်ဆိုပြီးယနေ့တိုင်ကျင်းပနေတာဖြစ်ပါတယ်။
တိုင်းပြေအန္တရယ်အပေါင်းကလွတ်ကင်းအောင်အိမ်မက်ပေးတောင်းဆိုတဲ့
ဖားဘဝရောက်မင်းသမီးရဲ့ထိမ်းမြားလက်ဆက်ပွဲလို့လည်းအချို့မှတ်တမ်းကဆိုပါတယ်။
သင်္ကြန်အကြိုနေ့မှာစည်တော်ကိုစင်တင်ပွဲကျင်းပပြီး
စည်ကို၂၄နာရီမရပ်မနားတီးခတ်ပါတယ်။
ပြည်သူများကတစ်ညလုံးစည်ကိုသက်ြန်ရေဖျန်း
ပက်ဆုတောင်းကြပါတယ်။
သင်္ကြန်အကျနေ့မှာတော့တစ်မြို့နယ်လုံးကပြည်သူတွေသီဆိုကခုန်ပြီးစည်ပို့ပါတယ်။လမ်းဝဲယာမှလူထုကရေလောင်းကြပါတယ်။
စည်တော်နဲ့အတူသိကြားမင်းဂဠုန်စီးရုပ်တု
နဲ့တာဝန်ကျ မြင်းစီးသူကြီးတို့လည်းပါဝင်ပါ
တယ်။ရှမ်းပြည်နယ်မှာကျိုင်းတုံဒေသမှာပဲရှိတဲ့
ရိုးရာပါ။ဘယ်တော့မှမရိုးတဲ့ရိုးရာပွဲတစ်ခုဖြစ်ပါတယ်။
Photo ,Ref- Sai Zaw Min
Thank You
-Shan Fashion-


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

အာခါတိုင်းရင်းသူ ရိုးရာ ဝတ်စုံ အလှ








ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

ဗမာလူမျိုးဖြစ်တည်လာပုံသမိုင်းအကျဉ်း














(မိမိတို့၏အသက်နှင့် မမီခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည်ကား
သမိုင်းစာမျက်နာထက်၌သာတွေ့ရ၏.. ထို့ကြောင့် သမိုင်းသည်
စိတ်ဝင်စားစရာအလွန်ကောင်း၏) a.z
လူသားမျိုးနွယ်တို့သည် တစ်မျိုးနဲ့တစ်မျိုး
ရောစပ်မိရာမှအချိန်ကာလကြာညောင်းလာသောအခါဝယ်အခြားမျိုးနွယ်စုအမည်သစ်များဖြင့် လူမျိုးအသစ်များအဖြစ်သီးခြားရပ်တည်လာကြသည်။ထိုအထဲတွင် ယနေ့ဗမာဟု ဖြစ်တည်နေသော မျိုးနွယ်စုသည်လည်း
မျိုးနွယ်စုအချင်းချင်း ဒွေးရောယှက်တင်ရာမှ
တစ်ဆင့် ပေါက်ဖွားလာခြင်းဖြစ်သည်။
သို့သော်မျိုးနွယ်စုချင်း မည်မျှပင် ဒွေးရောယှက်တင် ရှိစေကာမူ အောက်ပါ စံချိန်စံညွှန်းများမရှိပါက လူမျိုးတစ်မျိုးအဖြစ်
အသိအမှတ်ပြုခံရလိမ့်မည်မဟုတ်ပေ။
လူမျိုးတစ်ခုအဖြစ် သီးခြားရပ်တည်ရန်
၁။ကိုယ်ပိုင်ဘာသာစကား
၂။ကိုယ်ပိုင်စာပေ
၃။ကိုယ်ပိုင်ယဉ်ကျေးမှု တို့ သီးခြားရှိနေရမည်။
ထိုချက်အလက်များထဲမှ တစ်ခုခု
ပျောက်ကွယ်သွားခဲ့လျှင်
ထိုလူမျိုးစုသည် သီးခြားလူမျိုးတစ်မျိုးအဖြစ်
ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
အားကြီးပြီးအင်အားများသော မျိုးနွယ်စုထဲတွင်
ပျော်ဝင်ပျောက်ကွယ်သွားမည်မှာ သေချာနေသည်။သို့သော် ထိုအချက်အလက်များ
မည်မျှပင် ထိန်းသိမ်းထားစေကာမူ မိမိအမျိုးအနွယ်ကို မစောင့်ထိန်းဘဲ တွေ့သမျှ
လူမျိုးဘာသာမရွေး အိမ်ထောင်သားမွေးနေပါက
ထိုလူမျိုးသည် အလျင်အမြန် ပျောက်ကွယ်တော့မည်မှာဗေဒင်ကြည့်စရာမလိုပေ။သို့အတွက် လူမျိုးတစ်မျိုးအဖြစ် ထာဝရ ရပ်တည်ရှင်သန်စေလိုလျှင် ထိုအချက် သုံးချက်ကိုမဖြစ်မနေတည်ရှိထိန်းသိမ်းရမည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် အမျိုးအနွယ်စောင့်ထိန်းခြင်း(လူမျိုးခြားကို
မယူခြင်း)ကို အထူးဂရုပြု၍ ထိန်းသိမ်းရပါမည်။
ဗမာလူမျိုးစုသမိုင်းဆရာများသည် ၄င်းတို့၏
ဗမာလူမျိုးဖြစ်တည်ပုံသမိုင်းကို မည်သူမျှ
တိတိပပ မဖော်ထုတ်နိုင်သေးပေ။ ဒေါက်တာသန်းထွန်းမှအစပြု၍ ယနေ့ခေတ်ပေါ်
အပေါစားသမိုင်းဆရာ ဘုန်းတင့်ကျော်အဆုံးထိ
ဗမာလူမျိုး၏ ဖြစ်တည်ပုံဇစ်မြစ်ကို လုံးဝလုံးဝ
မဖော်ထုတ်နိုင်သေး။ ထိုသမိုင်းဆရာကတစ်မျိုး
သည်သမိုင်းဆရာကတစ်ဖုံဖြင့် မအူမလည်အဖြစ်ဖြင့် ဝိဝါဒကွဲပြားနေကြသည်မှာ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်ပုံပြင်ကဲ့သို့
ဖြစ်နေသည်။
ဗမာသမိုင်းဆရာတစ်ချို့က ဗမာအစ
တိဗက်ကုန်းမြင့်(တရုတ်)ကဟူ၍ပင်။တစ်ချို့က ဗမာအစတကောင်းက၊တစ်ချို့ကဗမာအစကျောက်ဆည်က၊တစ်ချို့က ဗမာအစ အိန္ဒိယက၊တစ်ချို့က ဗမာအစပျူက စသည်ဖြင့် ဗမာရာဇဝင်ပြောလျှင်
တုတ်ထမ်းပြောရမည်ဆိုသကဲ့သို့ တစ်ရွာတစ်မျိုး
တစ်ကျောင်းတစ်ဂါထာဖြင့်အဖြေရှာမရတော့သည့်ပုစ္ဆာတစ်ပုဒ်ပမာအမျိုးမျိုးကွဲပြားလျက်ရှိနေဆဲ
ဖြစ်သည်။မည်သို့ပင်ဝိဝါဒကွဲပြားနေစေကာမူ
အမှန်ကန်ဆုံးနဲ့အတိကျဆုံးသောအဖြေမှာ
ယနေ့ဗမာဟုခေါ်တွင်နေသောလူမျိုးစုသည်
ပင်မလူမျိုးစုသုံးစုပေါင်းစပ်ပြီးမှသာလျှင်
ဖြစ်တည်လာသော လူမျိုးသစ်တစ်ခု ဖြစ်သည်။
မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့သော
ဒြာဗီဒီယန်လူမျိုး
****************************************
အသားအရောင်မှာ မီးသွေးခဲအလား
မည်းမည်းပုတ်ပုတ်၊အရပ်မြင့်မြင့်၊ကိုယ်ခန္ဓာ
သန်မာထွားကျိုင်းသော ဒြာဗီဒီယန်လူမျိုးနွ
်စုသည် မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့ကြသည်။ထိုလူမျိုးများကို
မွန်သမိုင်းနဲ့ရက္ခိုင်သမိုင်းများတွင် ဘီလူး ဟု တင်စားခေါ်ဝေါ်ထားကြသည်ကိုတွေ့ရသည်။
သားစိမ်းငါးစိမ်းများကိုစားပြီး ဘီလူးကဲ့သို့
ကြောက်စရာကောင်းသော လူထွားကြီးများ
ဖြစ်သောကြောင့် ထိုလူမျိုးများကို ဘီလူးဟု
ခေါ်သည်ဟုသိရသည်။ထိုဘီလူး
ဒြာဗီဒီယန်လူမျိုးများကို ငရက္ခိုက် ဟုလည်း
ခေါ်ကြသည်။ထို ဘီလူးခေါ် ငရက္ခိုက် ခေါ်
ဒြာဗီဒီယန်လူမျိုးများကို ကပ္ပလီဟု လည်း ခေါ်ကြပြန်သည်။ထိုကပ္ပလီများသည် အာရီယန်လူမျိုးများ မြန်မာပြည်ဒေသ မဝင်လာခင်ကတည်းမှပင် နေထိုင်ခဲ့သည်ဟုသိရသည်။
အာရီယန်လူမျိုး
•••••••••••••••••••
အာရီယန်များသည် မြန်မာပြည်ဒေသသို့ ဒုတိယအစောဆုံး ဝင်ရောက်ခဲ့သူများဖြစ်ပြီး
နဂိုရှိနှင့်ပြီးဖြစ်သည့် ဘီဘူးခေါ် ဒြာဗီဒီယန်
အသားမည်းများကို တိုက်ထုတ်ကာ မြို့ပြ
နိုင်ငံများထူထောင်ခဲ့ကြသည်ဟု မွန်သမိုင်း
ရခိုင်သမိုင်းများတွင် ဖော်ပြပါရှိသည်။
အာရီယန်လူမျိုးများသည် ယနေ့မြန်မာနိုင်ငံတွင် ခေတ်စားနေသော ပျူလူမျိုးများပင်ဖြစ်ပြီး
ယဉ်ကျေးမှု၊စာပေအတင့်အတန်း အထူးမြင့်မားသူများဖြစ်သည်။ ထိုအာရီယန်လူမျိုးများသည်
မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယ မဇ္ဇျိမဒေသ မာဂဓတိုင်းပြည်မှဝင်ရောက်လာသူများဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံပင်မတိုင်းရင်းသားထဲမှ မွန်နဲ့ရခိုင်များသည် တစ်ချိန်ကမာဂဓတိုင်းတွင်
နေထိုင်ခဲ့ကြသူများဖြစ်ပြီး ထိုမှတစ်ဆင့်
နယ်နိမိတ်ချင်းထိစပ်နေသည့် ရက္ခပူရပြည်(ရက္ခိုင်)နဲ့
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ(မွန်)များသို့
ရောက်ရှိခဲ့သည်။မွန်များသည် မြစ်ဝကျွန်းပေါ်ဒေသမှမှတစ်ဆင့် သုဝဏ္ဏဘူမိ
ဘက်သို့ တဖြည်းဖြည်းချင်းရွေ့လျားသွားခဲ့သည်။
အာရီယန်များမြန်မာပြည်ဒေသသို့ဝင်ရောက်ခဲ့
ချိန်မှဘီစီ၃၀၀၀ ဝန်းကျင်ခန့်ဖြစ်သည်။
တိဗက်ဘားမန်းတို(တရုတ်အနွယ်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာပြည်ဒေသသို့ နောက်အကျဆုံးဝင်ရောက်ခဲ့သည့် မျိုးနွယ်စုမှာ
တိဗက်ဘားမန်းတိုအုပ်စုများဖြစ်သည်။
ဝင်ရောက်ခဲ့သော ရာစုနှစ်မှာ အေဒီ ၁၀ ရာစုတွင်ဖြစ်ပြီး နဂိုရှိနှင့်ပြီးသား အာရီယန်များ(ပျူ)၏ မြို့ပြနိုင်ငံများကို သိမ်းပိုက်ကာ အေဒီ ၁၁ ရာစုတွင် ပုဂံထီးနန်းကို
တည်ထောင်ခဲ့ကြသည်။တိဗက်ဘားမန်းတို
များသည် ယဉ်ကျေးမှုမြင့်မားသောအာရီယန်(ပျူ)
မွန်၊ရက္ခိုင်တို့ထံမှတစ်ဆင့် စာပေယဉ်ကျေးမှုများကို ကူးချကာ အာရီယန်တို့၏ ထီးနန်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ထို အေဒီ ၁၀ရာစုတွင်ပင်ရက္ခိုင်တို့၏ ဝေသာလီပြည်အား ဖျက်ဆီး၍ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ အာရီယန်များသည် တိဗက်ဘားမန်းတို အုပ်စုတွင်
သွေးရောရင်းတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ယနေ့ဗမာဟုခေါ်ဆိုနေသော မျိုးနွယ်စုသည်
အထက်ပါဒြာဗီဒီယန်၊အာရီယန်၊တိဗက်ဘားမန်းတိုတို့ ရောစပ်ရာမှ ဖြစ်တည်လာသောလူမျိုးနွယ်စု အသစ်တစ်ခုဖြစ်သည်။ထို့ကြောင့် ဗမာလူမျိုးတို့သည် အေဒီ ၁၁ရာစုနောက်ပိုင်းမှသာ ပေါ်ပေါက်လာခဲ့သော
နောက်ပေါက်ခေတ်ပေါ်လူမျိုးစုတစ်စုသာဖြစ်သည်။ဗမာတို့သည် အာရီယန်(ပျူ) ရက္ခိုင် မွန် တို့နောက် ယဉ်ကျေးမှု၊စာပေ အစစအရာနောက်ကောက်ကျခဲ့သည်ကို
အာရီယန် မွန် ရက္ခိုင်တို့၏ ယဉ်ကျေးမှုများ
ဖုံးလွှမ်းနေသော ဗမာ့ကော်ပီယဉ်ကျေးမှုများက
သက်သေတည်လျက်ရှိသည်မဟုတ်ပါလော။
အနှစ်ချုပ်လိုက်သော်-
ဗမာလူမျိုးဟူသည်မှာ ဒြာဗီဒီယန်၊အာရီယန်(ပျူ)
တိဗက်ဘားမန်းတို၊ရက္ခိုင်နဲ့ မွန် တို့နဲ့ ပေါင်းစပ်ပြီးမှ ဖြစ်တည်လာခြင်းဖြစ်သည်။
ဒြာဗီဒီယန်သွေးနဲ့အဖြူအုပ်စု(အာရီယန်၊တိဗက်)ပါသောကြောင့်ဗမာလူမျိုး၏ အသားအရောင်မှာ
မဖြူမမည်းသော အသားလတ် လူမျိုးအဖြစ်ကို
ရရှိခဲ့သည်။ဒြာဗီဒီယန်သွေးများသော ဗမာများ၏
အသားအရောင်မှာ ဘင်္ဂလီကဲ့သို့မည်းနက်နေ၍ တိဗက်နဲ့အာရီယန်သွေးများသော ဗမာများမှာ
အဖြူရောင်သန်းသော အသားအရည်ရှိသည်။
အညာဒေသရှိ ဗမာများမှာ ဘင်္ဂလီကဲ့သို့
ဒြာဗီဒီယန်သွေးများသောသူများဖြစ်သဖြင့်
အများအားဖြင့် မည်းမှောင်သော အရောင်အဆင်းရှိသည်။
ဗမာလူမျိုးဖြစ်တည်ပုံအား ဖော်မြူလာဖြင့်
ချပြလိုက်သည်။
ဒြာဗီဒီယန်+အာရီယန်+တိဗက်ဘားမန်းတို=ဗမာ
နန်းမူရာစိုး
ဗမာလူမျိုးစုဆင်းသက်လာပုံအား
အပတ်တကုတ် လေ့လာဆည်းပူးတင်ပြည်သည်။
ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်မှ
ရှေးခေတ်ဗမာ့ပုံများအား ပူတွဲတင်ပြထားသည်။
(''ဇာမထီ အာဇာနီမျိုး''စာမျက်နာမှ ကူးယူဖေါ်ပြပါ၏)


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

...ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်...



                                                             **********************************
လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ဖြစ်သည်...
ရှမ်းလူမျိုးတစ်စုတို့သည် ပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်ကျော်လျက် အနောက်ဘက်သို့ ရှေးရှုသွားလျက်ရှိကြ၏.. ခရီးသည်အုပ်စုများတွင် ကလေးများ.. အမျိုးသမီးများနှင့် လူအိုများ ပါဝင်သည်..
သူတို့သည် တစ်မိုးခိုလိုက် နားနေလိုက်နှင့် ခရီးဆက်ခဲ့ကြသည်မှာ တစ်ဆယ့်သုံးနှစ်မျှ ရှိခဲ့သည်.. လမ်းတွင် တောင်ပေါ်လူရိုင်းတို့၏ တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ခဲ့ကြရသော အကြိမ်များလဲ မရေမတွက်နိုင်ကြတော့ပေ.. ဌက်ဖျားဒဏ်.. ပင်ပန်းမှု့ နှင့် အဟာရချို့တဲ့မှု့ တို့ကြောင့် လမ်းတွင်သေဆုံးခဲ့ကြသူများလဲ မနည်းတော့ပေ..
တောင်ထိပ်တစ်နေရာမှ ဗြဟ္မပုတ္တရမြစ်ကြီးကို ရေးရေးမျှ လှမ်းမြင်ကြရသောအခါ သူတို့၏ ပင်ပန်းယိမ်းယိုင်သော ခြေလှမ်းများသည် သွက်လာကြသည်.. မျှော်လင့်ချက် ရောင်ခြည်များလဲ သမ်းလာကြတော့သည်..
ခရစ်သက္ကရာဇ် ၁၂၂၈ တွင် သူတို့သည် `` ခမ်နန်းဂျန် ´´ မြစ်ကို ဖောင်များနှင့်ကူးကာ `` နောင်ဉာဏ် ´´ ရေအိုင်ကြီး အနီးသို့ ရောက်လာခဲ့ကြသည်.. အာသံပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် အကြိမ်ကြိမ်ရွှေပြောင်းကြကာ ခရစ် ၁၂၅၃ ခုတွင် အာသံနယ် `` အဖိုင်ပူရ ´´ မှာ အခြေချနေထိုင်ကြလေသည်..
ခရစ်နှစ် ၁၂၅၃ ခုတွင် `` ချာရိုင်ဒီယို ´´ တွင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏.. သို့မျှဇွဲကြီးလှသော ရှမ်းလူမျိုးတို့ကား လူဦးရေ ကိုးထောင်မျှရှိပြီး သူတို့နှင့်အတူ ဆင်နှစ်ကောင် ၊ မြင်းသုံးရာ ပါရှိခဲ့ကြသည်..
သူတို့၏ ခေါင်းဆောင်ဘုရင်ကား မောရှမ်းအနွယ် `` စူးခဖ ´´ ( ကောင်းကင်မှလာသောကျား ) ဖြစ်သည်.. သူသည် ပတ်ကွိုင်တောင်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်လျက် မောရှမ်းလူမျိုးများကို အာသံပြည်နယ်ထဲသို့ ခေါ်ဆောင်ဝင်ရောက်လာသူဖြစ်သည်..
ခရစ် ၁၂၆၈ ခုနှစ်တွင် သားတော် `` စူးတင်ဖ ´´ က ထီးနန်းဆက်ခံသည်.. သူတို့သည် ဇွဲနှင့် သတ္တိကို အရင်းခံ၍ ရဲရင့်စွန့့် စားသူများ ဖြစ်သည့်အတိုင်း အင်အားကြီးမားသော `` အဟုန် ´´ နိုင်ငံကြီးကို စတင် တည်ထောင်ခဲ့ကြပြီး ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ကြ၏......
``စူး´´ ( သို့မဟုတ် ) ``စေ´´ ဟူသည်မှာ ``ကျား´´ ဟုအဓိပ္ပါယ် ရသည်.. ``စူး ၊ စေ´´ သည်မြန်မာအသံထွက် ``သို´´ သို့ပြောင်းလဲနိုင်ပေသည်။ မြန်မာ့သမိုင်းတွင် ဖော်ပြခြင်းခံရသော သိုဟန်ဘွား၊ သိုချီဘွား စသော မောရှမ်းဘုရင်များသည် ``ကျား´´ ဘွဲ့ကို ခံယူထားကြသူများ ဖြစ်သည်။
မြန်မာများက ``သီဟ´´ ခေါ် ခြင်္သေ့ဘွဲ့ကို ချစ်မြတ်နိုးပြီး သီဟဘွဲ့ ခံယူသလို မောရှမ်းများက ``စူး/စေ/သို´´ ခေါ် ကျားဘွဲ့ကို မြတ်နိုးကြပေသည်။ ထို့ကြောင့် စူးတင်ဖနောက် ဆက်ခံသော အဟုန်ဘုရင်အချို့ကို ဖော်ပြရလျှင်....
*စူးတင်ဖ ( ခရစ်-၁၂၈၁ မှ ၁၂၉၂ )
*စူးခန်ဖ ( ခရစ်-၁၂၉၃ မှ ၁၃၃၂ )
*စူးခရန်ဖ ( ခရစ်-၁၃၃၂ မှ ၁၃၆၄ )
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာအဓိက ပါဝင်ပတ်သက်ခဲ့သူ ``စန္ဒရကန္တရှိန်´´ ( Candrakant Singh ) မှာ မြန်မာပြည်မှ မောရှမ်းအနွယ်ဝင် အဟုန်ဘုရင်ဖြစ်သည်ဆိုလျှင် အံ့သြကြပေလိမ့်မည်.. သူ၏ မောရှမ်းဘွဲ့မှာ ``စူးဒင်ဖ´´ ဖြစ်သည်..
သို့နှင့် အဟုန်တို့သည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ခရစ် ( ၁၆ ) ရာစုတွင် အနီးအနားနယ်ပယ်နိုင်ငံများကို သိမ်းပိုက် နိုင်ခဲ့ကြသည်.. ထိုအချိန်တွင် အိန္ဒိယနိုင်ငံတစ်ခုလုံးကို အစ္စလာမ်ဘာသာဝင် မဂိုဘုရင်များက လွှမ်းမိုးအုပ်ချုပ်ပြီး မဂိုအင်ပါယာကြီးကို တည်ထောင်အုပ်ချုပ်နေချိန်ဖြစ်သည်..
အိန္ဒိယတစ်နိုင်ငံလုံးကို အစ္စလာမ်ဘာသာသို့ အတင်းသွပ်သွင်းပြီး မဝင်ရောက်သူများကို သေဒဏ်ပေးသည်.. အိန္ဒိယနိုင်ငံအတွင်းရှိ အခြားဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေး အဆောက်အဦ.. အထိမ်းအမှတ်နေရာများကို မြေလှန်ဖျက်စီးပစ်သည်.. အင်အားကြီးမားပြီး ရက်စက်သော မဂိုစစ်တပ်ကြီးကို မဂိုဘုရင် ``ရှာဂျဟန်´´ ( ``တဂ်ျမဟာလ်´´ တည်ဆောက်သူ ) အုပ်ချုပ်သည်..
မဂိုတို့သည် သူတို့အင်ပါယာကြီးကို အရှေ့ဘက်သို့ ဆက်လက်ချဲ့ ထွင်ခဲ့ရာ အာရကန်ဒေသတွင် ရခိုင်ဘုရင်နိုင်ငံနှင့်၎င်း.. အရှေ့မြောက်တွင် အဟုန်ဘုရင့်နိုင်ငံနှင့်၎င်း ထိပ်တိုက်တွေ့ခဲ့သည်.. အိန္ဒိယတစ်နိုင်ငံလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သော မဂိုတို့သည် ရခိုင်နှင့် အဟုန်လူမျိုးတို့၏ ရဲဝင့်စွန့့် စားစွာ တုန့်ပြန်တိုက်ခိုက်မှု့ နှင့် ကြုံရသည်..
အဟုန်လူမျိုးတို့နှင့် မဂိုစစ်တပ်တို့ တိုက်ပွဲအကြမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဟုန်လူမျိုးတို့ ဇွဲသတ္တိရှိစွာ ခုခံနိုင်ခဲ့ကြသဖြင့် မဂိုတို့ အထိအခိုက် အကျဆုံးများခဲ့သည်.. ထို့ကြောင့် ခရစ်နှစ် ၁၆၃၉ ခုနှစ်တွင် မဂိုဘုရင် ``ရှာဂျဟန်´´ နှင့် အဟုန်ဘုရင် ``စူးစင်ဖ´´ တို့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ကြသည်.. နယ်စပ်တွင်ရှိသည့် ``ဘားနဒီ´´ ခေါ် မြစ်ငယ်လေးကို နှစ်နိုင်ငံနယ်ခြား အဖြစ် သတ်မှတ်လိုက်ကြ၏..
နှစ်နိုင်ငံကြားထားရှိခဲ့သော ငြိမ်းချမ်းရေးသည် နှစ်အနည်းငယ်သာကြာခဲ့သည်.. အဘယ်ကြောင့်ဆိုသော် မဂိုအင်ပါယာတွင် ဘာသာရေး အယူဝါဒပြင်းထန်သော စစ်ခေါင်းဆောင်များ ခေါင်းထောင်လာပြီး အဟုန်လူမျိုးတို့၏ သတ္တိကို မှတ်ကျောက်တင်မည့် စစ်ပွဲအရိပ်မဲကြီးက လွှမ်းမိုးလာသည်.. လွတ်လပ်မှု့ ကို အသက်ထက် မြတ်နိုးသော အဟုန်လူမျိုးတို့အတွက် စိမ်ခေါ်မှု့ တစ်ခု ဖြစ်နေသလို.. အဟုန်တို့စစ်ရှုံးနိမ့်ခဲ့ပါက ပြည်မသို့ ဒလကြမ်းဝင်ရောက်လာမည့် မဂိုတပ်မကြီးကို တားဆီးနိုင်ဖို့ ခက်ခဲလိမ့်မည်.. အဟုန်တို့၏ ကြေကွဲဖွယ်.. ကြက်သီးမွှေးညင်းထဖွယ်.. သမိုင်းကို ဆက်လက် လေ့လာကြပါစို့.....
အဟုန်သမိုင်းကြောင်း အရှိန်ကောင်းနေစဉ် စကားချပ်အဖြစ်တော့ ပြောခွင့်ပြုပါ.. အဟုန်နဲ့ပတ်သက်ပြီး လွန်ခဲ့သော သုံးလခန့်ကပင် သမိုင်းနုတ်လေးရေးမိသည်.. ပြန်ဖတ်ကြည့်တော့ အချက်အလက်များ များပြားနေပြီး သမိုင်းစိတ်ဝင်စားသူ မဟုတ်လျှင် ပျင်းရိငြီးငွေ့သွားနိုင်သည်.. ဒါကြောင့် ကိုယ်လေ့လာ ဖတ်ရှု့ထားမိသမျှထဲမှ အချက်အလက် အခိုင်အမာဆုံးများကို အခြေတည်ပြီး.. ခေတ်ပြိုင်ပထဝီသမိုင်းများနဲ့လဲ ကိုက်ညီကာ စိတ်ဝင်စားဖွယ်ကောင်းအောင် ကြိုးစား ရေးသားခဲ့ပါသည်..
ဝန်ခံစရာရှိသည်မှာ သမိုင်းကို ချစ်မြတ်နိုးသူ တစ်ယောက်၏ အများမသိနိုင်သေးသည့် တိမ်မြုပ်လု သမိုင်းကောက်ကြောင်းတစ်ခုကို တူးဆွပြရုံလောက်သာ ဖြစ်ပါသည်.. ပညာရှင်များအနေနှင့် ဆက်လက်ဖော်ထုတ် မှတ်တမ်းတင်ဖို့ ကျန်ရှိနေပါသေးသည်.. ယခုပို့စ်တွင် ဖော်ပြပါရှိသော အရေးအသား အချက်အလက်များသည် ဆရာဝန်တင်မောင်ကြည်ကိုယ်တိုင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်တွင် တင်သွင်း ဖတ်ကြားဆွေးနွေးခဲ့သော သမိုင်းအချက်အလက်များ ဖြစ်ပါသည်..
ဆရာသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သော်လည်း သူ့ဘဝ၏ အချိန်များအားလုံးကို ဝါသနာပါရာ သမိုင်းသုတေသန လုပ်ငန်းများတွင် မြုပ်နှံထားခဲ့သည်.. အဟုန်သမိုင်းကြောင်း ကျွမ်းကျင်ပညာရှင် ဖြစ်ပါသည်.. အာဆီယံနိုင်ငံများ၌သာမက အနောက်ဥရောပနိုင်ငံများရှိ သမိုင်းပညာရှင်များကြားတွင်ပါ လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်.. အချက်အလက်များသည် ဒဏ္ဍာရီမဟုတ်သလို ခိုင်မာသော ဖြစ်ရပ်မှန် သမိုင်းကြောင်းများဖြစ်ပါသည်.. ဆက်ကြပါဦးစို့.....
မဂိုအင်ပါယာတွင် နိုင်ငံရေး.. စစ်ရေးတည်ငြိမ်မှု့ မရှိပဲ အချင်းချင်းသွေးချောင်းစီး စစ်ပွဲများဖြစ်ပေါ်ခဲ့သည်.. ရှာဂျဟန်၏ သားတော်လေးပါး ထီးနန်းဆက်ခံခွင့်နှင့် ပတ်သက်ပြီး နန်းလုစစ်ပွဲများ အတောမသတ်အောင် ဖြစ်ပေါ်ခဲ့ပြီး အဟုန်အင်ပါယာအတွင်းသို့ စစ်ရှောင် အိန္ဒိယသားတို့ ရောက်ရှိလာခဲ့ကြသည်.. စစ်ဘေးဒုက္ခသည်များမှတဆင့် မဂိုတို့၏ ရက်စက်ကြမ်းကြုတ်မှု့ ကို ကြားသိခဲ့ရသည်..
တသီးတခြားနေထိုင်ခဲ့သော အဟုန်လူမျိုးတို့အတွက် ကံကြမ္မာ အလှည့်အပြောင်း အချိန်သို့ ရောက်ရှိလာချိန်လို့လဲ ဆိုရမည်ဖြစ်သည်.. မိမိတို့နိုင်ငံတွင်း အတောမသတ်နိုင်အောင် ဝင်ရောက်လာသော အိန္ဒိယတိုင်းရင်းသားတို့၏ နေထိုင်စားသောက်ရေး အဆင်ပြေနိုင်ရန်အတွက် မဂိုတို့၏ နယ်စပ်မြို့ ``ဂေါဟတ္တိ´´ ကို အဟုန်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြ၏.. မြင်း ၂၀၀ ကျော်၊ အမြှောက်အလက် ၄၀ ကျော် ၊ သေနတ် အလက် ၂၀၀ နှင့် ဘဏ္ဍာရွှေငွေများစွာ ရရှိခဲ့သော်လည်း အဟုန်မြို့တော်၏ ခံတပ်မြို့အဖြစ်သာ ထားရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားများကို ပူးတွဲအုပ်ချုပ်စေခဲ့သည်..
ထိုအချိန်တွင် မဂိုအင်ပါယာတွင် စစ်ခေါင်းဆောင် ``သြရန်ဇိပ်´´ ထီးနန်းဆက်ခံရရှိခဲ့သည်.. အဟုန်တို့ကို တိုက်ခိုက်ရန် အစီအစဉ်မှာ အစောပိုင်းကတည်းက ရှိခဲ့ပြီးဖြစ်သည်.. လက်နက်.. လူသူအင်အားကို ဖြည့်တင်းစေခဲ့ပြီး ဘင်္ဂလားဘုရင်ခံကို စစ်ပြင်ဆင်စေခဲ့သည်..
ခရစ်နှစ် ၁၆၆၂ ခုနှစ်တွင် ဘင်္ဂလားဘုရင်ခံ ``မားဂျိဂျမ္မလား´´ ဦးဆောင်သော မဂိုစစ်တပ်ကြီးသည် အဟုန်တို့၏မြို့တော် ``ဂါးဂါတွန့် ´´ ကို စစ်အင်အားကြီးမားစွာဖြင့် ချီတက်တိုက်ခိုက်ခဲ့ကြသည်.. အဟုန်လူမျိုးတို့သည် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ခုခံတိုက်ခိုက်ကြသည်.. စစ်ပွဲထဲတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူများပါ ပါဝင်တိုက်ခိုက်ကြရာ အလွန်ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ခဲ့ကြသည်..
မဂိုစစ်တပ်အတွက် လိုအပ်သမျှကို ဘုရင်သြရန်ဇိပ်က ဖြည့်တင်းပေးသည်.. ဇွဲသတ္တိရှိစွာဖြင့် ခုခံခဲ့ကြသော်လည်း လက်နက်.. လူသူအင်အား ဆယ်ဆမက ကြီးမားသော မဂိုတို့ကို ရေရှည်တွင် ယှဉ်မတိုက်နိုင်ခဲ့ကြပေ.. အဟုန်အင်ပါယာ ကျဆုံးခဲ့ရပြီး မြို့တော် ဂါးဂါတွန်မှာ မြေလှန်ဖျက်ဆီးခံရသည်.. အဟုန်လူမျိုးတို့ အမြားအပြားသေဆုံးခဲ့ကြပြီး အဟုန်ဘုရင် ``စူးကျင်ဖ´´ သည်လည်း အညံ့ခံခဲ့ရသည်..
အဟုန်တို့သည် အခြေအနေအရ အရှုံးပေးလိုက်ရသော်လည်း သူတို့ရင်ထဲက နာကျဉ်းမုန်းတီးမှု့ တို့ကား ပြေပျောက်မသွား.. တသီးတခြား အစဉ်အဆက် နေထိုင်ခဲ့ကြသော အဟုန်နိုင်ငံတော်ကြီးသည် လုံးဝပျက်စီးခဲ့ရပေပြီ.. ရက်စက်ကြမ်းကြုတ်သော မဂိုတို့လက်အောက်မှာ နေထိုင်ရတာထက် လွတ်လပ်သော ဘဝဖြင့်သေဆုံးရခြင်းက ပိုမြတ်သည်လို့ ခံယူမိကြသည်..
အဟုန်ဘုရင် ``စူးကျင်ဖ´´သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်.. သမိုင်းမှာ အဟုန်တို့ အရှုံးပေးပြီး သေဆုံးရမှာကို မလိုလား.. စစ်ပွဲမှာ မသေဆုံးပဲ ကျန်ရစ်ခဲ့ကြသော အဟုန်လူမျိုးများထဲမှာ သက်ကြီးရွယ်အိုများ.. ငယ်ရွယ်သူများခွဲထုတ်လိုက်သည်.. ကျန်ရစ်သောစစ်သည်တော်များနှင့်အတူ သူနှင့် အတူလိုက်ပါမည့် တိုက်ခိုက်နိုင်သူများကို ဖိတ်ခေါ်သည်.. သူ၏ရည်ရွယ်ချက်မှာ မားဂျိဂျမ္မလားနှင့် မဂိုတပ်တို့ကို ပျောက်ကြားစနစ်ဖြင့် အသေခံတိုက်ကြမည့် စစ်ပွဲတစ်ခု.. ပြန်စရာ လမ်းမရှိ.. သူတို့နှင့် ချစ်ခင်သူများကို နောက်ဆုံးခွဲခွာ နှုတ်ဆက်လိုက်ကြပြီး တိုက်ပွဲကို စတင်လိုက်ကြသည်..
အဟုန်အင်ပါယာကို သိမ်းပိုက် အောင်ပွဲခံရချိန်သည် ကြာကြာမခံခဲ့.. အဟုန်စစ်သည်တော်တို့၏ ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်မှု့ ကို ရင်ဆိုင်ရပြန်သည်.. အဟုန်တို့သည် မဂိုတို့၏ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်သည်.. အလစ်ဝင်တိုက်ပြီး ပြန်လည်ဆုတ်ခွာသည်.. အင်အားအရာမှာ သာသော်လည်း တိုက်ရည်ခိုက်ရည်နှင့် ဇွဲသတ္တိအရာတွင် မယှဉ်နိုင်သော မဂိုတို့သည် ရေရှည်တွင် ကြောက်ရွံ့ ထိတ်လန့်  စပြုလာသည်..
နတ်ဘီလူးစစ်သည်တော်များအလား တိုက်ခိုက်ကြသော အဟုန်တို့၏ တိုက်ခိုက်မှု့ ကြောင့် စိတ်ဓာတ်ကျဆင်းစပြုလာသော ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် မူလရည်ရွယ်ချက်ဖြစ်သော မဂိုအင်ပါယာချဲ့ ထွင်ရေးကို စွန့်လွှတ်၍ တပ်ကိုပြန်လည် ဆုတ်ခွာခဲ့သည်.. သို့သော် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီး ဖြစ်သော အဟုန်တို့သည် အလျှော့မပေးပဲ ထပ်ချပ်မကွာ လိုက်လံတိုက်ခိုက်သည်..
မဂိုတို့သည် အထိအခိုက် ကျဆုံးမှု့ များစွာဖြင့် ဆုတ်ခွာခဲ့ရသည်.. အင်အားအရာတွင် သာလွန်ပေမဲ့ သတ္တိနှင့် တိုက်ခိုက်မှု့ စွမ်းရည်တို့က အဆုံးအဖြတ်ပေးသွားသည်.. သြရန်ဇိပ်ဘုရင်၏ စစ်သူကြီး ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် အိမ်သို့ပင် ပြန်မရောက်နိုင်ခဲ့ပေ.. အသေခံ အဟုန်စစ်သည်တော်တို့၏ နောက်ဆုံးတိုက်ပွဲတွင် အခြံအရံ အစောင့်အကြပ်များကြားမှာပင် ကျဆုံးခဲ့ရလေသည်..
၁၃ ရာစုအစ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ကျောင်းတော်``နာလန္ဒာ´´တက္ကသိုလ်ကြီးကို မီးရှို့ ဖျက်ဆီး.. ရဟန်းသံဃာတော် သိန်းဂဏန်းနီးပါးကို သတ်ဖြတ်၍ အကြောက်တရားဖြင့် ထူထောင်ခဲ့သော မဂိုအင်ပါယာကြီးသည် ဗုဒ္ဓဘာသာ သာသနာပြုမင်း သိရိဓမ္မာသောက၏ အသောက အင်ပါယာနီးပါးမျှ ကြီးမားခဲ့သည်.. ထိုမျှ ဘုန်းတန်ခိုးကြီးသော မဂိုဧကရာဇ် သြရန်ဇိပ်သည်ပင် အဟုန်တို့၏ ဇွဲသတ္တိကို အသိအမှတ်ပြုခဲ့ရပေသည်.. မဂိုစစ်တပ်သည်လဲ နောက်တကြိမ် မလာတော့သလို နိုင်ငံ့အတွက် တိုက်ပွဲဝင် ထွက်ခွာသွားကြသော အဟုန်စစ်သည်တော်တို့မှာ အိမ်သို့ဘယ်တော့မှ ပြန်ရောက်မလာကြတော့ပေ..
သူတို့ကာကွယ်ပေးခဲ့သည်မှာ နိုင်ငံ.. လူမျိုး.. အတွက်သာမက ဘာသာအတွက်ပါ ဖြစ်သည်ကို တမလွန်ဘဝကနေ သိစေချင်သည်.. ထိုမဂိုတပ်မကြီးသာ အာသံနယ်မှတဆင့် ဟူးကောင်းချိုင့်ဝှမ်းကို ကျော်ဖြတ်ကာ ပြည်မထဲသို့ ရောက်လာခဲ့ပါက ထိုအချိန်တွင် တိုင်းပြည်ပျက်သုန်းကာစ ကူဗလိုင်ခန်၏ တာတာတပ်များရန်စောင်နေချိန်.. တရုတ်.. ကုလား.. လက်အောက်တွင် မြန်မာတို့ ဘာသာ.. လူမျိုး.. ပျောက်သွားနိုင်သည်.. ဒီပုံစံဖြင့် ပါကစ္စတန်.. အာဖဂန်.. တို့တွင် သာသနာကွယ်ပျောက်ခဲ့ရသည်.. ကျွန်တော်တို့ ဗုဒ္ဓဘုရားကို အာရုံပြုမိတိုင်း အကာအကွယ်ပေးခဲ့ကြသော တိုင်းရင်းသားတို့၏ ကျေးဇူးကို အမြဲထာဝရ အောက်မေ့သင့်ပေသည်.......။
( ဤနေရာမှာ ``ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်´´ကို နိဂုံးချုပ်လိုက်ပါရစေ.. )
အဟုန်သမိုင်းကို လေ့လာသောအခါ ဤနေရာလေးမှာ အလှည့်အပြောင်းလို့ ဆိုနိုင်ပါသည်.. အဟုန်အင်ပါယာကြီးအတွက် အသက်..သွေး..ချွေး.. စွန့်လွှတ်ကာကွယ်ခဲ့ရသောကြောင့် လက်ကျန်အဟုန်တိုင်းရင်းသားတို့ အနည်းအကျဉ်းမျှသာ ကျန်ရစ်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ချိန်မှာတော့ ရောက်ရှိနေသော အိန္ဒိယတိုင်းသားတို့နှင့် သွေးနှောကုန်သည်.. အဟုန်ဘုရင် ``စူးဖန်မောင်´´လက်ထက်မှစ၍ ဟိန္ဒူအယူဝါဒအချို့ ရောက်ရှိလာခဲ့သော်လည်း နိုင်ငံသစ်နောက်ပိုင်းတွင် မူလ ``ရှမ်းပြက္ခဒိန်´´ ကိုစွန့်ပစ်ပြီး ဟိန္ဒူသက္ကရာဇ်သို့ပြောင်းသည်.. ဘုရင်ဘွဲ့ကိုလည်း ဟိန္ဒူဘာသာဖြင့် ခံယူခဲ့ကြသည်.. သို့သော်မူလ မောရှမ်းဘွဲ့များကိုလည်း ပူးတွဲခံယူခဲ့ကြသည်..
ဟိန္ဒူဘာသာသို့ အဟုန်တို့ ကူးပြောင်းသွားပြီးနောက်ပိုင်း တဖြည်းဖြည်းရှမ်းအမူအလေ့တို့ နည်းပါးလာပြီး လူမျိုးပါ ပျောက်ခဲ့ရသည်မှာ သမိုင်းဆုံးရှုံးမှု့ ကြီးတစ်ခုလို့ တင်စားနိုင်ပါသည်.. ခရစ် ၁၉၀၁ ခုနှစ် အိန္ဒိယနိုင်ငံ လူဦးရေစာရင်းအရ အဟုန်လူမျိုးဟု ဝန်ခံသူ ( ၁၇၈,ဝ၄၉ ) ဦးသာ ကျန်ရှိခဲ့ပြီး အများအားဖြင့် အာသံနယ် အထက်ပိုင်း ``ဆစ်ပ်ဆာဂါ´´ (Sipsagar) နှင့် ``လက်ခင်ပူ´´ (Lakhimpur) နယ်များတွင် နေထိုင်ကြဆဲ ဖြစ်သည်..
ယခုအခါ အာသံနယ်တွင် အဟုန်လူမျိုးဟူ၍ မရှိတော့သော်လည်း ၄င်းတို့၏ ရှမ်းဘာသာစကားများကို ယခုတိုင်ကြားနိုင်ပါသေးသည်..
ကျင်ခေါက် = ထမင်းစား
လောင် = ခေါင် (ရေ)
စူး = ကျား
ဖ = ကောင်းကင်
သောင် = ရွှေ
ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( နိဂုံး )
အဟုန်တို့သည် မှတ်တမ်းမှတ်ရာ အရေးအသား အလွန်ထုံကြ၏.. ဝါသနာပါကြ၏.. ထို့ကြောင့် ``ဘူရမ်ဂျီ´´ ခေါ် သမိုင်းမှတ်တမ်း များစွာ ကျန်ရစ်ခဲ့၏.. သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ပုရပိုက်များကို ယခုတိုင် အာသံပြတိုက်တို့တွင် ပြသထားရှိသည်..
၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်းနိုင်ငံမှ ``ကန်ကျနပထွမ်ဒီလိုက်´´အမည်ရှိ အမျိုးသမီးဘာသာဗေဒပညာရှင်သည် မြန်မာပြည် နယ်စပ်ဒေသများရှိ ရှားပါးလူမျိုးစုများအကြောင်းကို သုတေသနပြုလုပ်ခဲ့ပြီး ကျမ်းတစ်စောင်ပြုစုခဲ့ရာ အဟုန်လူမျိုးတို့၏ အက္ခရာများကို ဖော်ပြထားပြီး မြန်မာပြည်မိုးကောင်းနယ်ထဲမှ အာသံနယ်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်သွားပုံကို အထောက်အထားပြည့်စုံစွာဖြင့် ဖော်ထုတ်ရေးသားခဲ့သည်..
အဟုန်တို့သည် လွတ်လပ်မှု့ ကို မြတ်နိုးသူများပီပီ ရေကြည်ရာ မြက်နုရာ နယ်မြေသစ်ကို ရှာဖွေခဲ့ကြသူများပင် ဖြစ်သည်.. အမှန်တကယ်ဆိုလျှင် ``အာသံ´´ ဟူသော အမည်ကပင် ``အားဟုန်´´ ဆိုသည့်စကားမှပင် ဆင်းသက်လာသည်.. အာသံပြည်နယ်သားများသည် ``ဟ´´နှင့်``စ´´ကို ဖလှယ် ခေါ်ဝေါ်တတ်ကြသည်.. မြန်မာများက အာသံ ဟုပင် အနီးစပ်ဆုံး ခေါ်လိုက်ကြသည်.. အာသံနယ်သည် အဟုန်တို့ သီးခြားထူထောင်ခဲ့သော နယ်မြေဖြစ်သည်..
တာဝဲလ်၏ ``အဟုန်နှင့် ရှေးဦးထိုင်း လူအဖွဲ့အစည်းကို လေ့လာခြင်း´´စာတမ်းတွင် ``တော်.. ဖရာ့.. ခ..´´စသော စကားလုံးများကို ဥပမာပေး၍ ဖော်ပြထားသည်.. ``ခ´´ဟူသောစကားသည် ခယခြင်း.. နှိမ့်ချခြင်း..သဘောဆောင်၍ ဇင်းမယ်နှင့် ရှမ်းပြည်နယ်တို့တွင် ``ခ´´ဖြင့် ယဉ်ကျေးစွာ အဆုံးသတ် ပြောလေ့ရှိကြ၏.. မြန်မာလို ``ခင်ဗျ´´နှင့် သဘောဆင်မည်..
အဟုန်အက္ခရာများသည် မွန်နှင့်မြန်မာ အက္ခရာမှ ဆင်းသက်ကြောင်း တွေ့ရှိရသည်.. အဟုန်-အာသံ-အင်္ဂလိပ် အဘိဓာန်ကို ၁၉၂၆ တွင် ပုံနှိပ်ထုတ်ဝေသည်.. ၁၉၃၀ ပြည့်နှစ်တွင် ``အဟုန် ဘူရမ်ဂျီး´´ခေါ် သမိုင်းမှတ်တမ်းကျမ်း ထွက်ရှိခဲ့သည်.. ရေးသားသူမှာ အဟုန်သမိုင်း ပညာရှင် ``ချန္ဒရာဘာရူးဝါး´´ဖြစ်ပြီး ကာလကတ္တားမြို့ ဘက်ပတစ်မစ်ရှင်အဖွဲ့မှ ရိုက်နှိပ်ကြောင်း သိရသည်..
၁၉၈၄ ခုနှစ် ၊ ဖေဖော်ဝါရီလက အဟုန်မျိုးနွယ်များပါဝင်သော ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တောင်ကြီးမြို့မှ ရှေးဟောင်းရှမ်းသမိုင်း ပညာရှင် ``စောဆိုင်မိုင်း´´နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်.. ဆရာကြီးသည် ကျိုင်းတုံစော်ဘွားကြီး တပ်ကောင် ကျောက်အင်တလိုင်၏ သားဖြစ်ပြီး အမေရိကန်၊ ဂျပန်စသော နိုင်ငံများတွင် ပညာပို့ချဖူးသူ ဖြစ်သည်..
၁၉၈၈ ခုနှစ်တွင် ပါမောက္ခ ``ချန္ဒရာ ဂိုဂွိုင်း´´မှ အပြည့်စုံဆုံး အဘိဓာန်ကို တည်းဖြတ်ထုတ်ဝေခဲ့သည်.. စာအုပ်အဖုံးတွင် ခြူးပန်းနွယ်များနှင့် အဟုန်ရှေးဟောင်း ပန်ချီပုံကို ရေးဆွဲထားသည်.. အထူးခြားဆုံးမှာ စာမျက်နှာ-၁ မှ စာမျက်နှာ- ၂၂၉ အထိ မြန်မာဂဏန်းအက္ခရာများဖြင့် ရေးထိုးထားခြင်းဖြစ်သည်.. (အဟုန်အက္ခရာများနှင့် ရေးသားထားသော ရဟန်းတော်တစ်ပါး၏လက်ရေးကို မင်းကွန်းလူအိုရုံ ဧည့်သည်မှတ်တမ်းတွင် ထူးဆန်းစွာ တွေ့ရသည်..)
အဟုန်တို့ကား ကျွန်တော်တို့ ပြည်ထောင်စုဖွား မြန်မာပြည်သားများ ဖြစ်ခဲ့ကြသည် အမှန်ပင်.. ``စူးခဖ´´ခေါင်းဆောင်လျှက် အဘယ်ကြောင့် အာသံနယ်သို့ ပြောင်းရွှေ့သွားခဲ့ကြပါသနည်း.....? ပဟေဋိဆန်နေသည်.. လူမျိုးစုတစ်ခု၏ ရန်ကြောင့် ရွှေ့ပြောင်းရသည်ဟု မှတ်ချက်ချရအောင် အဟုန်တို့သည် သွေးကြောင်တတ်သည့်လူမျိုးမဟုတ်..
ဤအချက်ကို သမိုင်းပညာရှင်တို့ ဆက်လက်သုတေသနပြုလေ့လာ ဖော်ထုတ်ကြရပေလိမ့်ဦးမည်.. အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါ၏.. အဟုန်တို့သည် မူလကနဦးက အမိမြန်မာပြည်၏ ရှေးဟောင်းဘုံနိုင်ငံဟု ခေါ်ဆိုအပ်သော ``မိုင်းလုံ´´မှဟု အမှတ်အသားရှိ၏.. မိုင်းလုံဒေသသည် ရှေးဟောင်းကျေးရွာတစ်ခုဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများစွာ ဖုံးအုပ်နေသော စေတီပျက်နှင့် မြို့ရိုးကြီးများကို ယခုတိုင်တွေ့ရှိနိုင်သည်ဟု သိရှိရပါသည်..
အဟုန်တို့၏ သမိုင်းခြေရာများက ကျွန်တော်တို့ကို စောင့် ကြိုလျှက်.......။
(ပြီးပါပြီ)
ဤနေရာမှ အဟုန်တို့ကို ဦးညွတ်လိုက်ပါ၏။
စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )
အဟုန်ပေစာ လေ့လာရန် :http://2.bp.blogspot.com/…/s…/Tai_Script_of_Ahom_Kingdom.jpg

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

ရာဇာဝင်ထဲက သတို့သမီး သို့ စောမွန်လှ





မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့်မင်းသမီးလေး အကြောင်းပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှမ နှစ်ယောက်ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်းလှသည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်းသည် ငယ်ဖြစ်သည်။
စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်းမှာ ရှိသည့် စစ်လက်နက် ပစ္စည်းများအားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက်များ လင်းလက်ပြီး လုပ်ရှားခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်းဘာသာအရ လတ်လှိုင်း တယ်လို့ခေါ်ဆိုပါသည် ဓိပ္ဗါယ်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေးအား စ၀်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာ အချို့က စ၀်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြပါသည်။ မြန်မာလို ပြန်ဆိုရေးသားရာမှ စောမွန်လှ ခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။ (မယ့်ခူး ခေးရှဲန်)
AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သည်ဟု အဆိုရှိသော အနိရုဒ ခေါ် အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည်။
ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။
ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။
ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူး သည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။
ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။ ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရသည်။
ထိုသို့ ရှိစဉ် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံ ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။
သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။
ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို—ဗျတ်ဝိ၏ အပေါင် အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေ၏။ ဟုဆိုသည်။
ပဒေသရာဇ်ခေတ်တွင် “တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသော အမျိုးသားတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။”
အဆိုပါ သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ် ခေတ်တွင် မြန်မာပဒေသရာဇ် ခေတ်သည် မြန်မာနိုင်ငံကို စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်အဖြစ် သတ်မှတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည် ဟူသောအချက်များကို မတွေ့ရှိရပေ၊ မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန် ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊ နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။ ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီးပွားလေတော့သည်။ မြန်မာတို့ ယခုလက်ရှိ စာလုံးအက္ခရာ များကိုစ၍ အသုံးပြု- ရေးသား ကြလေသည်။ ထိုစာလုံးတို့ကာ အိန္ဒိယ ပြည်တောင်ပိုင်းမှ အောက်မြန်မာနိုင်ငံ မွန်တို့ထံသို့ သက္ကရာဇ် ၅၀၀ -ခုလောက်တွင် ရောက်လာ သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသောအတတ် ပညာများလည်း တိုးပွါးလာတော့သည်။ ဖမ်းယူသွားသော သထုံ မနူဟာမင်းကို မြင်းကပါ အရပ်၌ ထားရှိသည်ဟု သိလေသည် ။
မနူဟာမင်းကြီး တည်ထားခဲ့ သောကြောင့် မနူဟာဘုရားဟု နာမည် ကျော်စောလေသည်
ထိုမနူဟာမင်းကြီး၏ ဘုန်းအာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်သော အရောင်များ ထွက်သည်ကို အနော်ရထာမင်းသည် စိုးရိမ်ကြောက်လန့် သောအခါ မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစားစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ မနူဟာမင်းသည် ဖြစ်လေရာ ဘ၀၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ နောက်မကြာမီ မနူဟာမင်း နှင့် မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံ ဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေတော့သည်။
အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေး၌ အလွန်စိတ်အား တက်ကြွလာပြီးလျှင် ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေး၏ သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။
တဖန် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ်တရုတ်ပြည် (ယခုယူနန်-နနချိုပြည်၌) ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်ရှိသည် ကြား၍ စွယ်တော် ပင့်ယူရန် စစ်သည် ဗိုလ်ပါ များစွာနှင့် ချီတော်မှုသည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါသည်။
ယခု ယူနန်တွင် ရှိသော ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်
ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်သို့ ရောက်သော်၊ တရုတ် ဥတည်ဘွား သည်လည်း မြို့တံခါးကိုပိတ်၍ အခိုင်နေလင့်၏ သို့သော နောက်ပိုင်း၌ ပြေငြိမ်းကြကာ အနော်ရထာမင်း နှင့် ဦးတည်ဘွားတို့ ကြည်ကြည် သာသာပင် ပြောဆိုဆက်ဆံ ကြလေသည်။ စွယ်တော်မြတ် ကိုကား အနော်ရထာမင်း အဓိဋ္ဌာန်၍ ပင့်သောလည်း မကြွ- မလိုက်- မရခဲ့ချေ။ သို့ရာတွင် သိကြားမင်း ပေးဆက်သည် ဆိုသော မြဆင်းတု တစ်ဆူကိုကား ယူဆောင် လါခဲ့သည်ဟု မြန်မာ့မိုင်းက ဆိုသည်။ မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။
၎င်းတရုတ်ပြည်က အပြန်ခရီးတွင် သျှမ်းပြည်သို့ ရောက်ရာ မောကိုးပြည်ထောင်စုကို အစိုးရသော မောဘုရင် စ၀်လုံဟိုမိန်းနှင့် မဟာမိတ်ဖွဲ့သည် မောပြည်ရှိ လယ်ယာကန်သင်း များအားလည်း အနော်ရထာသည် နက်သက်အားကျ တော်မှုသည်။ ထို့ကြောင့် မောဘုရင် စေ၀်လုံဟိုမိန်းထံ ဆည်မောင်း ကန်သင်း လယ်ယာ များလုပ်ကိုင် ကျွမ်းကျင်သူများ တောင်းခံလေသည်။
မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် လယ်ယာ ကန်သင်း ဦးကြီးများပင်မက အနော်ရထာမင်း အား မိမိသမက် နိုင်ငံတော် အဖြစ် ဖြစ်လို၍ သမီးတော် စောမွန်လှနှင့် လက်ဆက် ပေးခဲ့လေသည်။ (မောဘုရင် ခွန်ဟိုမိန်းကို မြန်မာသမိုင်းဆရာအချို့က မိုးကောင်းဘုရင် ဟုရေးမှတ်ကြသည်။)
ထိုသမီးတော်လေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦးဖြစ်သည် သူမအသက် ၂၈ နှစ်အရောက်မှာတော့ ပုဂံဘုရင် အနော်ရထာမင်း နှင့် ဖမည်းတော်တို့ နှစ်တိုင်းပြည် ချစ်ကြည်ရေး မဟာမိတ်ပြုရာတွင် သူမ၏ အသက်နှင့်ခန္ဓာကိုယ်ကို နိုင်ငံရေး၏ အသုံးတော်ခံ ဘ၀နေဖြင့် ပုဂံပြည်ကြီးသို့ လိုက်ပါသွားခဲ့ရလေသည်။
ပန်းချီဆရာ မောင်ကျော်ညွှန့်
ဖခမည်းတော်ကြီးသည် သမီတော် စောမွန်လှနှင့်အတူ ခြွေအရံများအပါဝင် လယ်လုပ်သူ တောင်သူ ဦးကြီးများပါ ထဲ့ပေးလိုက်လေသည်။ ထိုအထဲတွင် နောင်အခါ ပုဂံရာဇာဝင်တွင် ထင်ရှားမည့် သျှမ်းညီနှောင် သုံးဦး၏ဖခင်ခွန်ဆိုင်ခမ်းဖန်း ပင်ဖြစ်သည်။
သျှမ်း မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံး အရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်ကြလေသည်။ ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်။
မင်းသမီးလေး စောမွန်လှနှင့် ပါလာသောသျှမ်း တောင်သူ ဦးကြီးများသည် ယခုကျောက်ဆည် အရပ် သို့ ရောက်သောအခါ ကျောက်တုံးကျောက်ခဲများဖြင့် ဆည်ကန်သင်းများ တည်ဆောက်၍ လယ်များထွန် ယှက်စိုက်ပျိုးကြလေသည်။ ထိုသို့ကျောက်တုံး ကျောက်ခဲများဖြင့် ဆည်တည်ဆောက် လုပ်ကိုင်သောကြာင့် ယခုအချိန်ထိ ကျောက်ဆည်ဟု နာမည်တွင်ခဲလေသည်။ ထိုအရပ်၌ ယခုတိုင် သျှမ်းနာမည်နှင့် မြို့ရွာလေးများရှိသလို မိန်းမောဆိုတဲ့ ရွာလေးလည်း ရှိနေပါသည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းသည် ပုံဂံသို့ ရောက်ရှိ သောအခါ၊ သျှမ်းမင်းသမီလေး စောမွန်လှကို အလွန်မြတ်နိုးစွာ အပါးတော်မြဲ မိဖုရားသဖြစ် ထားတော်မှုသည်။ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ ကိုယ်တိုင်နှင့် မိဖုရားကြီးရဲ့ အမှုထမ်းများအပါဝင် နန်းတွင်းသူအချို့ တို့ကပါ မလိုမုန်းတီးကြလေသည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦး ဖြစ်သလို မိန်းမောင်းလုံ နေပြည်တော်မှ ပါရှိလာသော သူမ နားတောင်းတွင် ဓါတ်တော်များ ကိန်ဝပ်၍ ဌာပနာထားသည်ဟု ဆိုသည်။ ထိုကြောင့် စောမွန်လှ ဘုရားရှစ်ခိုး ၀တ်ပြုစဉ်တွင် ထိုနားတောင်းမှ ရောင်ခြည်များ ထွန်းတောက် ကွန့်မြူးလေ့ ရှိသည်။ ဤသို့ ဖြစ်နေသည်ကို မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ နှင့် မောင်းမ မိဿံ တို့က တွေ့မြင်ကြသောအခါ မနာလိုရန်ငြိုးထား၍ မင်းကြီးအား စုန်းမ-ဖြစ်ကြောင်း လျှောက်ကြလေသည်။
အနော်ရထာ မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရှုလေသည်။ ထိုအခါ နားတောင်းမှ ရောင်ခြည်များ ကွန့်မြူးသည်ကို မြင်တွေ့ရ၍ ယုံကြည်ရနိုး ဖြစ်နေစဉ် စောမွန်လှ၏ ဆွေမျိုးများမှ သမီးတော်လေး၏ သျှမ်း အမှုတော်ထမ်းများအား မစားရသည်မှာ ကြာပြီဖြစ်သော သျှမ်းအစားအစာများ ဖြစ်တဲ့ အီကုတ်၊ ၀ါးပိုး၊ ငါးချဉ်၊ အသားချဉ် စသောအခြား အစားအစာများ ပေးပို့လိုက်သည်ကို မိဘုခေါင်ကြီးနှင့် အဖွဲ့သားများက မင်းကြီးအား စုန်းမျိုးဖြစ်၍ ဒီလိုပိုးကောင်းမျိုးကို စားကြသည်ဟု ဆိုကာ မင်းကြီး ကြည့်ရှု့ရန်ပြကြလေသည်။ မင်းကြီးလည်း တွေ့မြင်ကာ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ်လိုက်လေသည်။
ထိုအခါ သျှမ်း-မင်းသမီးလေး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိ အမျိုးဂုဏ်သိက္ခာ ကိုစော်ကား ခံရသည်ဖြစ်၍။ မိမိဖခင် ပင်လျှင်လည်း မိန်းမော အရှင်သခင် ဖြစ်သည့်အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မိန်းမောပြည်သို့ ထွက်လာခဲ့လေသည်။
မင်းသမီးလေး စောမွန်လှသည် ပုဂံပြည်မှထွက်ခွာလာပြီး ၁၀ရက်မြောက်သောနေ့၌ ယခု မန္တလေး အရှေ့တောင်ဘက်ဆီသို့ ရောက်သောအခါ အရိပ်အာဝါသ ကောင်းသော စမ်းချောင်းငယ် တခုနားအရောက်တွင် ခတ္တအနားယူ အိပ်မောကျရာမှ နိုးထလာရာ စမ်းချောင်း၌ မျက်နာသစ်နေစဉ် စမ်းချောင်းငယ်ထဲမှာ လိုးလိုးလက်လက် အရောင်များ ထွက်ရှိနေသည် တွေ့ရှိ၍ သေခြာစွာငုံကြည့် လိုက်စဉ် စမ်းထဲ၌ မဟုတ်ပဲ မိမိဦးခေါင်းပေါ် ကောင်းကင်ထက်တွင် စာပတီး ငှက်များ ခြံရံလျှက် လင်းလက်နေသော နားတောင်းကို တွေ့မြင်ရလေသည်။
ပန်းချီဆရာ မောင်ကျော်ညွှန့်
မင်းသမီးလေးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တယောက် ဖြစ်သည့်အလျှောက် ထိုနားတောင်း တဖက်နှင့် ဓါတ်တော်တို့ကို ဋ္ဌာပနာ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူကို တည်လေသည်။
ဘုရားမုတ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။
မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်ဝ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက် လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ ပြန်ကြ လေသည်။ ( စောမွန်လှ နားတောင်း ကျခဲ့ချောင်းကို အခုတိုင် နားတောင်ကျချောင်းဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီးငှက်များ ခြံရံနေခြင်းကြောင့် ထိုနားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။)
ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး “သီရိတြိဘ၀နာဒီတျာ ပ၀ရပဏ္ဍိတ ဓမ္မရာဇာ” ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။
ဤအချင်းရာများကို ထောက်ရှုခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်း သိသာထင်ရှားလေသည်။
မင်းသမီးလေး စောမွန်လှ အပြန်ခရီး လမ်းတလျှောက်တွင် စေတီပေါင်းရှစ်ဆု တည်ခဲ့ပြီး ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာအရာ အရပ်၌ ကိုးဆူမြောက် စေတီအား ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။ ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ ကောင်းမှုးသည် သျှမ်းလို စေတီတော် ။ မော်ကေ-သည်(ဆားတွင်း ) -ဟုအဓိပ္ပါယ်ရပါသည်။ မြန်မာတို့က ဘောကြိုဘုရား ဟုခေါ်ဆိုကြသည်။
ရှေးတုန်းက ဘော်ကြိုဘုရားပုံ
ထို့နောက် ဖခင် မိန်းမော်ဘုရင် စ၀်ဖှလုံဟိုမိန်း အား ယခု ကျောက်ဆည်နယ်ရှိ သျှမ်းလူမျိုးများမှ ပုဂံနန်းတွင်းမှ သမီးတော်လေး ထွက်ရှိလာခဲ့ကြောင်းကို သံတော်ဦး တင်လျှောက်သောအခါ ဖခင်မင်းတရားကြီးမှ သားတော်ကြီး ဥပရာဇာ စ၀်ကော်လျန်း အားစစ်ကြောင်း ကြီးများလွှတ်၍ သမီးတော် စောမွန်လှအား သွားရောက် ကြိုဆို စေလေတော့သည်။
သျှမ်း မင်းသမီးလေး စောမွန်လှသည် တိုင်းပြည်နှစ်ပြည်၏ ချစ်ကြည်ရင်းနှီးစေဖို့ စတေးခံခဲ့ရကာ တိုင်းတပါးသို့ လိုက်ပါသွားရပြီး မိဖုရားအဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်း ခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ်ယုံကြည် ရာ ဘာသာတရား ကောင်းမှု ကုသိုလ်များ ပြုလုပ်နေ ပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံရရှာလေသည်။ ထို့နောက် မောင်တာ် စ၀်ကော်လျန်း၏ အကြိုတပ်နှင့်လည်း မတွ့ဆုံ မိန်းမောင်း နေပြည်တော်ဆီ လည်းမရောက်မှီ ယခု သီပေါ့နား အရောက် လမ်းခုလတ်မှာပင် ကံတော်ကုန်ရှာခဲ့လေသည်။
အမတော်ကံကုန်သည်ဟု ကြားသိရသော မောင်တော် စ၀်ကော်လျန်း သည်လည်း အချို့ အမွာပူးတို့ ထုံးစံအရ အမတော်နှင့် မနှီးမဝေးမှာပင် ကံကုန်ခဲ့ရှာလေသည်။ ဒီနေ့အထိ မင်းသမီးလေး စောမွန်လှနှင့် မောင်တော် စ၀်ကော်လျန်းတို့ ဂူဗိမာန်ကို သီပေါမြို့နားတွင် အရိုးအိုး စေတီအဖြစ် တွေ့မြင်နိုင်ပါသည်။
သျှမ်းမင်းသမီးလေးသည် ကံအကြောင်းမလှရှာသော မင်းသမီးလေး စောမွန်လှ ဘ၀မှ ယခုအခါ ပုဂံ ရာဇာဝန်ထဲက သတို့သမီးဖြစ် ထင်ရှာလေတော့သည်။
ပုဂံရာဇာဝင်အကြောင်း ပြောရင် စောမွန်လှ အကြောင်းမပါလိုမရပါ စောမွန်လှနှင့် အတူပါသွားကြသော သျှမ်းတောင်သူ ဦးကြီးများထဲတွင် နောင်အခါ မြန်မာ့ သမိုင်းတွင် ထင်းရှားလာမည့် သျှမ်းညီနောင် သုံးဦး၏ ဖခင် ခွန်ဆိုင်ခမ်းဖန်း ကြောင့်ပင်ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေသည်
အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သား ခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာ မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန် မက္ခရာစား
သား ခွန်ဆမ်ဆိုင်ဆိုင် =သီဟသူ မြစ်သာစား မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တို့ကို တည်ထောင်ခဲ့သော သျှမ်းမင်းဆက်များပင်ဖြစ်သည်။ ထိုဒေသသည် သျှမ်းနာမည်နှင့် သျှမ်းမင်းဆက်များ တည်ထောင် ခဲသော မြို့တော်များပင်ဖြစ်သည့် အလျှောက် သျှမ်းလူမျိုးများ နေထိုင်ရာဒေသ လည်းဖြစ်သည်။ နောက်ပိုင်း ဗမာများဝင်ရောက် နေထိုင်လာကြသလို သျှမ်းကြာ ဗမာဖြစ်ဆိုသလို ဗမာဖြစ်သွားကြသည်ကများသည်။
မည်သို့ပင် ရှိစေကာမှု နော်ရထာမင်းသည် ကံသူအကြိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘ၀နဲ့ပဲ ပေးဆပ်ခဲ့ရသည် ဟုပြောမလား အထင်ကရ မင်းဖြစ်သော်ညားလည်း ကျွဲခတ်၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံ ပြည် တိုင်းသူပြည်သား အပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။
ဘော်ကြိုဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်ကတည် ထားခဲ့သည်ဟု ခန့်မှန်းရသော ရှေးဟောင်းဘုရား တဆူဖြစ်သည်။ ၁၉၉၅ – ၁၉၉၆ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမိန့်အရ ဘော်ကြိုဘုရားအား အကြီးအကျယ် ပြန်လည်ပြင်ဆင်ခဲ့သည်။ အမှန်တကယ်တော့ ရတြယာ အရပြုပြင်ခြင်းသာဖြစ်သည်။
ဗိုလ်ခင်ညွန့်၏ ယတရာအရ ပြုပြင်ခဲ့သော ဘော်ကြိုဘုရား
မည်တို့ပင် ရတြယာအရ စေတီဘုရား များအား ပြုပြင် စေကာမှု လူထု၏ အာဏာအား မတရား သိမ်းစည်း ထားခြင်း၊ လူထုအား မတရား ခိုင်းစေခြင်း တို့ကြောင့် မိမိတို့ အချင်းချင်းကြား အာဏာအဝေ မတဲ့၍ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရရှာ လေသည်။
အွန်လိုင်းအသံ သျှမ်းမင်းသမီးလေး စောမွန်လှ


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

" ဝမ်ညှပ် ဝမ်ရှဲန် ကျောင်းတော် "

" ဝမ်ညှပ် ဝမ်ရှဲန် ကျောင်းတော် "
=================









ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသမှာ ရှိပါတယ် .... ဒီရှေးဟောင်းဘုန်းကြီးကျောင်းကြီးတွေရဲ့ ထူးခြားချက်က,တော့ အမိုးပြားတွေဟာ ခဲပြားတွေနဲ့ မိုးထားပါတယ် ... မြန်မာ့လက်ရာတွေနဲ့ မတူပဲ တိဗက်ဟန် လက်ရာများ ဖြစ်ပါတယ် ... နှစ်ပေါင်း နှစ်ရာကျော် ပြီလို့ ပြောကြပါတယ် ...
ဒေသခံလူမျိုးတွေဟာ "လွယ်"လူမျိုးတွေ ဖြစ်ကြပါတယ် .... အိမ်တစ်အိမ်မှာ လူပေါင်း ခြောက်ဆယ် ခုနှစ်ဆယ် လောက် စုပေါင်းနေထိုင်ကြပါတယ် ...
တစ်အိမ်တည်း အတူနေသူ အခြင်းခြင်း အိမ်ထောင်ပြုလေ့ မရှိကြပါ ... တခြားအိမ်တစ်အိမ်မှ သူနဲ့သာ အိမ်ထောင်ပြုကြပါတယ် .... တခြားလူမျိုးမတူသူများကိုလည်း မယူကြပါ ....သူတို့ရဲ့ရွာကို လာတဲ့ ပြင်ပက လာသူများနဲ့လည်း ခင်မင်ရင်းနီးတဲ့အမူအရာ မပြကြပဲ ခပ်စိမ်းစိမ်းသာ ဆက်ဆံလေ့ ရှိကြပါတယ် ... သူတို့ရဲ့ စပါးတွေကို သိုလှောင်ရာ စပါးကျီတွေကိုတော့ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ ခြေတံရှည် အိမ်လေးတွေနဲ့ ထားတတ်ကြပါတယ် .... သွားရောက်လေ့လာသင့်တဲ့ ဒေသပဲ ဖြစ်ပါတယ် .... ကျိုင်းတုံက သွားရင် ဆိုင်ကယ်နဲ့ နေ့ခြင်းပြန်လို့ ရပါတယ် ... အတက်ခရီးချည်းမို့ ဆိုင်ကယ်တစ်စီးလျင် လူတစ်ယောက်သာ စီးသင့်ပါတယ် ...


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ