Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, January 15, 2015

**သေဆုံးသွားတဲ့ အိမ်မက်**






မင်းရဲ့ hi.....ဆိုတဲ့စကားလေးနဲ့ 
ငါ့ဘဝကိုချည်နှောင်လိုက်တာ
ရူးသွပ်တဲ့ထိဆွဲဆောင်

နိုင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး....။

မင်းရဲ့လှပတဲ့နှုတ်ခမ်းတစ်စုံအော
က်မှာ
ကျားတစ်ကောင်ဒူးထောက်နေလိမ်မယ်
လို့ လဲ
ဘယ်တုန်းကမှမထင်ခဲ့ဘူး.........
.။

ပထမဆုံးပေါက်ဖွားလာခဲ့တဲ့ အာဒံနဲ့ဧ၀က 
ငါ့ကိုပြုစားလိုက်လေသလား
ငါ့ရင်ထဲမှာ တဖွားဖွားနဲ့ 
ပေါက်ဖွားလာခဲ့တာ ဟို့....
ရှေ့ရှေ့တုန်းကလိုပဲချစ်ခဲ့တယ်
ချစ်နေခဲ့တယ် ။ 

နုနယ်သေးတဲ့ ဟောဒီလူကြမ်းကြီးရဲ့ နှလုံးသားဟာ
ပထမဆုံးရင်ခုန်သံ နဲ့အတူ
ပျော်မွှေ့ နေခဲ့မိတယ်...။

သို့ သော် တဖြေးဖြေးနဲ့ 
မင်းရဲ့လှပတဲ့အပြုံးဟာ
လှည့်စားတတ်လာလိမ့်မယ်လို့ 
မထင်မှတ်ခဲ့ဘူး....။




မင်းရဲ့ချစ်တယ်ဆိုတဲ့ 
မာယာ ကြော့ကွင်းရဲ့အလယ်မှာ

ငါနှစ်မြုပ်နေခဲ့တယ်....။


လေလိုင်းကနေကြားလိုက်ရတဲ့ မင်းရဲ့အသံက
ငါ့အတွက် ချိုမြိန်နေခဲ့တယ် ၊ ယုံကြည်နေခဲ့တယ်
တစ်ကယ်တော့
အဆိပ်ငွေ့ တွေကို
 မင်းကထုပ်လွင့်နေခဲ့တာ
အဲ့ဒါကိုပဲရူးရူးမိုက်မိုက်နဲ့ ပဲငါ
ရှူရှိုက်နေခဲ့သေးတယ်......။


မိုးသံတွေနဲ့ အတူ မဝါးတဝါးနဲ့ 
မင်းပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့
စကားလုံးတွေဟာ ငါ့နားထဲမှာအခုထိ
တစ္ဆေ တစ်ကောင်ခြောက်လှန့်နေသလို
ကြားယောင်မိနေတယ် ဆိုတာမင်းသိလား....။

အကြောင်းပြချက်တစ်စုံ တရာမရှိပဲ


အဆက်သွယ်ဖြတ်သွားတဲ့
မင်းကို ငါဘယ်လိုနားလည်ရမှာလဲ....။

မင်းကိုတော့ အပြစ်မတင်တော့ပါဘူးလေ
မပြည့်စုံသေးတဲ့ ကိုယ့်ရဲ့အားနည်းချက်ကြောင့်
ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိပါတယ် ။

အခုတော့ အခုတော့


မင်းရဲ့ချိုမြိန်ခဲ့တဲ့ အသံ(အဆိပ်)တွေကြောင့်
ငါ့အသည်းတစ်ခြမ်း ကြွမ်းခဲ့ရပြီပေါ့....။

လူကြမ်းကြီး တစ်ယောက်
မင်းရဲ့ အသံလေးတွေ
ကြားယောင်နေမယ်
လွမ်းနေမယ်ဆိုတာ
မင်းလေးတစ်ယောက်
သိနိုင်ပါ့မလား..?



Monday, December 15, 2014

ဒီဇင်ဘာရဲ့နေ့ရက်များ

ဒီဇင်ဘာရဲ့နေ့ရက်များ



လေနုအေးတွေတိုက်ခတ်လို့ 
နှင်းဖွဲလေးများကျရောက်
တစ်ဖျောက်ဖျောက်အသံကြား
ဆောင်းနှင်းလေးတွေဝေနေတော့
ဒီဇင်ဘာရောက်ပြီပေါ့လေ။

ဒီဇင်ဘာရယ်
ငါလည်းအေးချမ်းချင်သမို့ 
ငါ့ရင်ကပူလောင်မှုတွေ
တားဆီးပေးလို့
လေနုအေးလေးတိုက်ကာ
နှင်းဖွဲလေးများကျပေးပါလား။

အလွမ်းဆုံး

အလွမ်းဆုံး


နင်ချကျွေးတဲ့
ဥပက္ခောတွေ စားရင်း
ငါအသည်းမာတတ်လာတာပဲ
ဆောရီးနော်.. ငါ feel ကျဲသွားပြီ
လွမ်းတော့လွမ်းတယ်
မင်းကိုတော့မဟုတ်ဘူး
ပေးလိုက်ရတဲ့ ငါ့အချစ်တွေကို
ငါအလွမ်းဆုံးပဲ။

Sunday, December 14, 2014

ဧဒင်ပန်းသီ

ကမ္ဘာဦးစ ထိုကာလက
ဧဒင်ဆိုတဲ့ ဥယျာဉ်ခြံကြီး
အထဲမှာတော့ အတွဲတစ်တွဲ
အေးလူပျော်ရွင် ချစ်ခင်ကြ၏….တဲ့
တစ်နေ့သောအခါ
မာရ်နတ်စေညွန်း တော်ကီမွန်း၍
အသက်ပန်းသီး ငတ်ကြီးကျလေသော်
ပူပင်ရောက်ရ ဂေါ့ဒ်ဘုရားဒေါပွ၏….တဲ့။
ထိုထိုပြစ်ချက် ရုံးမတက်ပဲ
ချက်ချင်းစီရင် မြိုင်မှနှင်သဖြင့်
အာဒံ၊ဧ၀ တောက်တောက်ယိုကာ
တောင်းပန်လည်းမရ ခြေလျင်ညောင်းကြ၏….တဲ့။
ဤလင်မယား ကိစ္စများကာ
သားနှင့်သမီး၊မြေးမြစ်တီတွက်
တစ်ပြွတ်ပြွတ်နှင့် မဆုံးသံသရာရှည်သောခါ
လူသားမျိုးနွယ် အပြားကျယ်လေ၏….တဲ့။
ယခုခေတ်ခါ ရန်ကုန်မြို့ကြီး
မြို့တက်တောသား အူကြောင်ကြား
ရရာအလုပ်ဖွေရှာလုပ်သော်
အရောင်းဌာန နေရာကျ၏….တဲ့။
ရာထူးစာရေး ခိုင်းတော့အစုံ
သူဌေးတူမ အပျိုလှနှင့်
မျက်စောင်းချင်းချိတ်
နှလုံးသားချင်း ဒိတ်လေ၏….တဲ့။
ထိုထိုသတင်း သူဌေးမင်းကြား၍
ဒေါသမျက်ကြီး ဆူပူဆောင့်လျက်
နှစ်ပြားမတန် သူဆက်ဆံကာ
ရာထူးမှနုတ် အလုပ်ဖြုတ်တော့၏….တဲ့။
ငါ့လက်ရောက်မည့် ထိုပန်းသီး
မစားပဲအဝေးမှသာ မျှော်ရရှာသည်
အပြစ်လည်းမရှိ ငိုင်သည့်ငတုံး
နာမည်မေးသော် လဂွန်းအိန်ဆို၏….တဲ့။

ရှင်သန်နေဦးမယ့် အိမ်မက်တစ်ထောင်

ငါတို့အိမ်မက်တွေ မက်ခဲ့ဘူးတယ်
လှပတဲ့ အိမ်မက်တွေပေါ့။
ထောင်နဲ့ ချီတဲ့ အဲဒီအိမ်မက်တွေကြား
ပြေးရင်းလွှားရင်း စီးမျှောကြတယ်။
အိမ်မက်ဟာ မျှော်လင့်ခြင်းပါ
အိမ်မက်တွေဟာ ယုံကြည်နေခြင်းပါ။
ဒီအိမ်မက်တွေကို ရပ်တန့်လိုက်တဲ့
နာဂစ် ရယ် ….. ခုတော့ မင်းကြောင့်
ကလေးတွေရဲ့ အနာဂတ် မလှပတော့ဘူး
လူတွေရဲ့ မျှော်လင့်ခြင်းတွေ ဆုံးပါးခဲ့ရပြီ။
မင်းဟာ နာမည် လှသလောက်
မင်းသယ်ဆောင်လာခဲ့တာ ရက်စက်ခြင်းပဲ။
မိသားစုတွေ ကွဲကွာခဲ့ရလေခြင်း
ချစ်ခင်သူတွေ ကွေကွင်းရတဲ့နာကျင်ခြင်း။
ဒါပေမယ့် မင်းသိထားဖို့က နာဂစ် ရယ်
မင်းရက်စက် ရပ်တန့်လိုက်ပေမယ့်
ဒို့အိမ်မက်တွေ ဆက်ရှင်သန်ဦးမယ်
ဒို့ အိမ်မက်တွေကို ဆက်မွေးဖွားစေဦးမယ်။
ကမ္ဘာဦးကတည်းက လူသားမျိုးနွယ်ဆိုတာ
ကြိုးစားမှုရဲ့ ရလဒ်နဲ့ ရှင်သန်ခဲ့တာပါ။
မျှော်လင့်ချက်နဲ့ အသက်ဆက်ခဲ့တာမျိုးပါ
ယုံကြည်မှုတွေ နဲ့ရှေ့ဆက်ကြတာရယ်ပါ။
ဒို့လဲရင် ဒို့အချင်းချင်းကူကြမယ်
ဒို့နာရင် ဒို့အချင်းချင်း ကုကြမယ်။
အပြန်အလှန်အားဖြင့် အိမ်မက်တွေ မျှဝေမယ်။
စာနာခြင်းတွေ နဲ့ဒို့အသဲနှလုံးတွေကို
အသစ်တစ်ဖန်ပြန်လို့လတ်ဆတ်စေကြမယ်လေ
ဒီနှလုံးသားတွေနဲ့ပဲ အိမ်မက်တွေဆက်မက်မှာပေါ့။


Thursday, December 11, 2014

ကြောက်တယ်

ဖျော့တော့တော့ နှုတ်ခမ်းပါးလေးကို ကြောက်တယ်


အရင်တုန်းကတော့
ရဲရဲဆိုးပြီး
ရင့်ရင့်ပဲ ဖြတ်ခဲ့ကြတယ်

ခုကျတော့
ဖျော့တော့တော့နှုတ်ခမ်းနီတွေနဲ့
ကောင်လေးတွေခမျာ
နှုတ်ခမ်းပါးလေးတွေကြား
တောင်ယံနားကပ်မယ့်
လှိုင်းတွေအလား

ရောက်ခါနီးမှ
ပြန်ကျရတဲ့ ဒီရေတွေလို
ခေတ်တွေပြောင်းပြောင်းလာတော့
ဖြတ်နည်းတွေလည်း
ပြောင်းလာတယ်ထင်တယ်
နှုတ်ခမ်းပါးလေး စုတ်သတ်လိုက်ရင်
တစ်ယောက်ပျက်တယ်ဆိုပဲ

ကြောက်တယ်ဗျာ
နှုတ်ခမ်းပါးနဲ့ ကောင်မလေးတွေကို



ကဗျာ

အဖြူရောင် သူငယ်ချင်း


အဖြူရောင်စာရွက်လေးတစ်ရွက်
အသိတတ်စ ငယ်ဘ၀မှာ
သူငယ်ချင်းတစ်ယောက်
ပေးခဲ့ဖူးတယ်
ကကြီး ခခွေး ငါတို့ရေး
Aရယ် Bရယ်တို့ရွေးချယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်
ဆရာကြီးလည်း လာခဲ့ပါ
ဆရာမကြီးလည်း လာခဲ့ပါ
စာတွေရတဲ့ ဒီနေ့မှာ
သားသားလေးကို မုန့်ကျွေးပါ
တဲ့

မျက်ရည်တွေ တစ်ဝေ့ဝေ့လည်
အတွေးအိမ်ထဲ
မျက်နှာငယ်နေတဲ့ သူငယ်ချင်း
မင်းကို ငါ သတိရတယ်ကွာ။

ခွဲခွါခြင်း လမ်းဆုံးမှာ
မျက်ရည်တစ်ခုသာ
လက်ဆောင်ပေးနိုင်တဲ့
ငါ့ကိုယ်ငါ
နာကျည်းမိသလို
အတိတ်ပုံရိပ်ကို
စာစုတစ်ခုလို စုပုံရေးသားခဲ့တဲ့
မင်းအတွက်တော့ တန်ဖိုးကြီးတာပေါ့

ဒါပေမယ့်…
ငါငိုတာ… သံယောဇဉ်
မင်းပေးတဲ့ စာရွက်ကလေးက
အသိတရား တစ်ခုရဲ့ အစ
အလှမ်းတွေဝေးကွာ
နံရံတွေခြား တံတိုင်းတွေများ
ရေပြင် သစ်တောများစွာက
သူငယ်ချင်း… မင်းနဲ့ငါ့ကို
ပြန်ဆုံဖို့ရာ စောင့်ပါအုံးလို့
နေ့တိုင်း လာလာပြောနေသလို

ငါ့မေးလ်ထဲကို ပို့ ပို့လာတဲ့
မင်းဓါတ်ပုံတွေ စားသားတွေက
စာရွက်လေးထက် ရင့်ရော်နေပါလား
မင်းဓါတ်ပုံကို ကိုင်ကြည့်နေတဲ့
ငါ့လက်ကို ငါပြန်ကြည့်လိုက်တော့
အိုမင်းခြင်းထဲ စမျောနေပါလား။

ချစ်သော သူငယ်ချင်းရေ…
ငါတို့ နှစ်ယောက် ခွဲသွားရတဲ့ သက်တမ်းတွေက
ငါတို့ရဲ့ လက်ရှိကို ဖေါ်ပြနေကြပြီ
ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေကို
အိုဟောင်းနေတဲ့ အဖြူရောင် စာရွက်လေးက သိသလို
ငါ ငိုထားတဲ့ မျက်ရည်ကကြိုးစကို ရှည်စေတယ်

ပြန်လာပါတော့ သူငယ်ချင်းရာ
ငါတို့ အတူတူ အိုမင်းရအောင်လို့။



ကဗျာ

ခရီး


ဘယ်လမ်းကို ကွေ့ကွေ့
အမှားတစ်ခု၊
အမှန်တစ်ခုနဲ့
စကားတစ်ခွန်း ဒွန်တွဲပါလာတယ်

ဘယ်အရိပ် နားနား
အေးချမ်းမှုတစ်ခု၊
ပူလောင်မှုတစ်ခုနဲ့
ရေတစ်ခွက်စာ စဉ်းစားမှုပါလာတယ်

လိုချင်တဲ့လမ်း လိုချင်တဲ့ခရီးသွားဖို့
လောကလမ်းတစ်ခု၊
ငါ့ကိုယ်ပိုင်လမ်းတစ်ခုနဲ့
ပေးဆပ်ရမယ့် ၀ဋ်ကြွေးစာရင်းတွေပါလာတယ်

ခရီး…ခရီး
အဆုံးသတ်ပြီလို့ ထင်တဲ့လမ်းမှ
ချောက်၊ကမ်းပါးက
ရှေ့မှာပိတ်ကားချထားတယ်

ချွေးသီးတွေကျ၊ မြေခရတဲ့ ဒီခရီး
အဆုံးသတ် အရိပ်ကလေးတစ်ခု ပြလှည့်ပါ
မောပန်းရကျိုးနပ်ချင်လို့

ရယ်သံတွေကြား ခဏပျော်ချင်လို့
ငိုသံတွေအနားက ခဏခွာချင်လို့




Tuesday, December 9, 2014

ကမ္ဘာ့ဆရာများနေ့ အမှတ်တရ

မြတ်ဆရာ



ငယ်စဉ်ဘ၀၊ ကျောင်းနေစမှ

လူကောင်း၊လူမွန် ဖြစ်စေဖို့ရေး

ဆုံးမသွန်သင်၊ လမ်းပြညွှန်တဲ့

ဆရာသခင်၊ ကျေးဇူးရှင်။

တပည့်များဘ၀၊ မြင့်မားက

ပီတိဖြာကာ၊ ၀မ်းမြောက်စွာနဲ့

ကျေနပ်နေတာ၊ မြတ်ဆရာ။

အားငယ်ချိန်ခါ၊ ရှိပြန်ပါလည်း

ဖေးမကူတာ၊ မြတ်ဆရာ။

ကျေးဇူးကြီးမား၊ မြတ်ဆရာများ၏

ဂုဏ်အင်များစွာ၊ အဖြာဖြာကို

ဂီတ စာပေ၊ ပညာတွေနဲ့

ညွှန်းဆိုပြကာ၊ ဖွဲ့နွဲ့ဆိုလည်း

မှီအံ့မထင်၊ များဂုဏ်အင်။

(ကမ္ဘာ့ဆရာများနေ့ အမှတ်တရ)




Monday, December 1, 2014

သူတို့ ပြောတဲ့ အချစ်ကြောင်း




(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....P aul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........Shakes peare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......Shakespea re

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....Histo ry Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ် ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။


Wednesday, October 29, 2014

တကယ်တော့ငါပာာ..

 



တကယ်တော့………….ငါဟာ
သေဆုံးနေခဲ့တာပါ။
ဘယ်သူမှလဲ မသိ 
ငါကိုယ်တိုင်တောင်မသိခဲ့ဘူး။
တကယ်တော့…………ငါဟာ
မျှော်လင့်ခြင်းတွေကို ဟန်ပြပြီး
အသက်ရှင်ခြင်ယောင်ဆောင်နေတဲ့
လူတစ်ယောက်ပါ။
တကယ်တော့………….ငါဟာ
စိတ်ကူးယဉ်ခြင်းတွေထဲမှာ ပျော်ဝင်ပြီး
အိပ်မက်တွေထဲမှာပဲ ယဉ်တစ်ကိုယ်စာ
ကူးခတ်နေသူတစ်ယောက်ပါ။
တကယ်တော့…………..ငါဟာ
အထီးကျန်ခြင်းတွေကို အဖေါ်ပြုပြီး
တစ်ယောက်တည်း
ကမ္ဘာတစ်ခု တည်ဆောက်ဖို့
ကြံစည်နေသူတစ်ယောက်ပါ။
တကယ်တော့………….ငါဟာ
အတိတ်ကိုပဲ ရစ်မူးခုံမင်နေပြီး
အရာအားလုံးကို 
မေ့လျော့နေသူ တစ်ယောက်ပါ။
အမှန်တကယ်တော့…………ငါဟာ
မျိုသိပ်ခြင်းများစွါနဲ့
ယဉ်ယဉ်လေး ရူးနေခဲ့သူပါ။


Sunday, October 26, 2014

တစ်ဖတ်သက်




ကောင်မလေးရေ
ချစ်ခဲ့မိပြီပဲ
နှစ်နှစ်ကာကာ စွဲလမ်းနေမှတော့
ဘယ်သူတွေ အပြစ်ဖွဲ့စေ
တို့ ယိုးမဖွဲ့တော့ပါဘူး
ပိုင်ဆိုင်ခွင့်မရရင်တောင်
အရှုံးသက်သက်နဲ့ ပေးဆပ်သွားမှာပါ။

ရလာဒ်မရှိတဲ့ ပေးဆပ်မှုတွေနဲ့
ပန်းတိုင်မရှိတဲ့ ပြိုင်ပွဲမှာ
အခါခါလျော်လဲ အကွဲအပြဲဒဏ်ရျာေတွနဲ့
နောင်တမရှိတဲ့လူသား
အဲဒါ ငါလေ။

အချစ်ကို အနိုင်အရှုံးနဲ့
တွက်ချက်မထားတဲ့ ဒီလူအတွက်
အပြုံးယဲ့ယဲ့သာ ထားခဲ့ပါ။

အဲဒီအပြုံးကို ပန်းလိုပန်ပြီး
ရာဇ၀င်ထဲ မီးအိမ်လက်စွဲ
ခရီးဆက်နေဦးမယ်။

အကြည့်တစ်ချက်တောင်
ပိုင်စိုးခွင့်မရခဲ့တဲ့ ဒီလူအတွက်
မင်းဆိုတဲ့ လမင်း
တလတ်လတ်မှုန်သင်း
ငါ့ရင်ထဲ လင်းလတ်နေဦးမယ်။

ကောင်မလေးရေ
တံစဉ်တစ်လတ်ရဲ့ ကျင့်ဝတ်မှာ
ချစ်သူအတွက် ပန်းခူးပေးခွင့် ရခဲ့ရင်
အမြဲလန်းမဲ့ အသည်းပန်းတစ်ခတ်
ခူးဆွတ်ယူငင် ပေးဦးမယ်။

ပြောင်းလဲတတ်တဲ့ ဘ၀အပိုင်းအစတွေကြား
ဒဏ်ရာခါးခါးတွေနဲ့ တွေ့ခဲ့ရင်
ငါ့ရင်မှာ နားခိုလှည့်ပါ
ချစ်ဦးသူရဲ့ ရင်ခုန်သံနဲ့
သီချင်းတွေကို ပန်းလိုသီပြီး
ကိုယ် ပန်တော်ဆက်ပါ့မယ်
မှေးဆက်ခိုဝင် နားစဉ်တော့ကွယ်။

မင်းကသာ
ငါသီကျူးမဲ့ သီချင်းတို့အတွက်
ချစ်ခြင်းတွေ ချယ်မှုန်းထားတဲ့
သံစဉ်တို့ကို ပျို့အန်ပေးပါ
ငါ့ဂစ်တာရဲ့ ကကြိုးမှာ
မင်းမျက်ဝန်းကို ပန်းတစ်ပွင့်လို
သီကုံးခွင့်ပြုပါ။

ခုတော့ ငါ့မှာ...
တစ်ဖက်သက် အလွမ်းတွေနဲ့
မိုးသောက်တိုင်းရဲ့ ပထမဆုံးအဖြစ်
ချစ်သူကို သတိရတတ်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ မွေးနိုင်ခဲ့ပြီလေ။




Saturday, October 25, 2014

ကျေးဇူးတရား

                                              


ကိုယ့်ပေါ်ရှိဖူး၊ သူ့ကျေးဇူးကို
အထူးသိတတ်၊ မြဲမြဲမှတ်လို့
လိုအပ်သူမှာ၊ ရှိခဲ့ပါမူ
ဖြည့်ခါပေးအပ်၊ တုံ့ပြန်ဆပ်လို့
မြင့်မြတ်နှလုံး၊ သူတော်ထုံးကို

ကျင့်သုံးပြုပါဆွေသဟာ။
သူ့ပေါ်ရှိဖူး၊ ကိုယ့်ကျေးဇူးကို
ရင့်ကျူးထုတ်ဖော်၊ ပြန်မမျှော်နှင့်
မလျော်သင့်ဘူး၊ စိတ်ရည်စူးကာ
အထူးမေ့အပ်၊ အသိကပ်လို့
မြင့်မြတ်မေတ္တာ၊ စေတနာနှင့်
သဒ္ဓါရောယှက်၊ ကြင်နာဖက်၍
ပေးဆပ်ကူပါ၊ ဆွေသဟာ
သင့်မှာကိုယ်စိတ်ကျန်းမာမည်။



အလွမ်းငေးသူ



ငါဟာ
အလွမ်းငေးသူတစ်ယောက်ပေါ့…
ငါ့အတွက်…တမ်းတမှုဆိုတာ
ဒဏ်ရာကို ပြန်ဖွင့်ကြည့်တဲ့
နိဒါန်းပဲလေ…
မငေးချင်ဘဲငေး
မရေးချင်ဘဲရေး
မတွေးချင်ဘဲ တွေးခဲ့မိတဲ့
ပေးစာတစ်စောင်ရဲ့ ရလာဒ်က
ငါ့အမှားတဲ့လား ချစ်သူရယ်…
ဘ၀စက်ဝိုင်းမှာ
ချာချာလည် မူးခဲ့ဖူးတယ်…
အချစ်ကြောင့်ရူးတာ
ဘ၀မဟုတ်ပေမယ့်
နှလုံးသားရဲ့ ဒဏ်ရာတွေက
အဖန်အခါများစွာ
နာကျင်ခဲ့ပြီ…
ခုလည်း…
အလွမ်းတွေကို ငေးရင်း
မင်း … တစ်နေ့နေ့
မင်း … တစ်ရွေ့ရွေ့နဲ့
ငါ့ … အဝေးဆုံးရဲ့ အဝေးဆုံးမှာဆိုတာ
သိလိုက်ရချိန်မှာ
နေ၀င်ခြင်းတံခါး အဖွင့်အပိတ်မှားသွားခဲ့ပြီလေ…





Friday, October 24, 2014

တိမ်တစ်စနဲ့ချုပ်တဲ့ညနေ





‘ချစ်တယ်’ ဆိုတာ 

တကယ်တော့ ပျားရည်တစ်စက်နဲ့ 

ဓားတစ်လက် နေရာခြင်းလဲလိုက်တဲ့သဘောပါ 

မှားယွင်းခဲ့တဲ့ ညနေခင်းတွေမှာ 

အမှောင်စုန်းတွေက ညကို ပိုနက်သထက်နက်စေခဲ့ရုံလေးပေါ့ 

နှစ်ချို့သံယောဇဉ်ဆိုတာ ကြာလေရင့်လေ၊ ရင့်လေ ကြွေဖို့နီးလေတဲ့ 

ဒါဟာ သဘာဝတရားဆိုရင်တော့ 

ငါ့အတွက် အဖြူသက်သက်တစ်ခုပဲ … ထားခဲ့ပါ 




သူလိုကိုယ်လိုမဟုတ်ဘဲရင့်မှည့်ခဲ့တဲ့သစ်သီးတစ်လုံး





တစ်ထောင့်တစ်ညပုံပြင်တွေအကြောင်း 

ကျွန်မ မပြောရသေးဘူး 

လိုက်တမ်းပြေးတမ်းကစားရင်း 

ချော်လဲခဲ့ဖူးတဲ့အဖြစ်တွေက လူထက် 

ရင်ကိုပိုတောက်စေတယ် .. 

ဘယ်လိုနတ်ဆိုးတစ်ပါးပါးကများ 

ကျွန်မအကြားအာရုံကို အမှောင့်ပယောဂတိုက် 

ကန်းစေခဲ့ပါလိမ့်…. 

(ခုတော့ အမြင်တွေပါဝေဝါးခဲ့ရပြီ) 

မဖျစ်ညစ်ကျယ်အတွေးအခေါ်လေးနဲ့ 

ပေါ့ပေါ့ပါးပါးလေးတော့ ဒီရင်ခွင်တံခါးကို 

လာမခေါက်ချင်ပါနဲ့ .. ချစ်ခြင်းရဲ့တဖက်မှာ 

တို့တွေ အိမ်ဆောက်တမ်း ကစားကြည့်တာပေါ့ 

(လာပါ … ငါတို့လက်တွေနဲ့ စိတ်တူကိုယ်တူ လေထဲတိုက်အိမ်ဆောက်ကြည့်တာပေါ့) 






အိပ်မက်မြို့ဟောင်းကထွက်ခဲ့တဲ့ညနေ






ဘာမှန်းမသိဘဲ 

ရေးခြစ်ခဲ့မိတယ်…စုတ်ချက်ပြင်းပြင်းနဲ့ပါပဲ 

နံရံတစ်ခုလုံးညစ်ပတ်နေသလို… 

ရင်တစ်ခုလုံးလဲစုတ်ပြတ်နေတာ 

ဒါဟာပဲ ကိုကိုယ်တိုင်ရဲ့လွဲမှားမှု 

ကိုယ်ပိုင်နံပါတ်တွေနဲ့ဆောက်တဲ့ မြို့ဟောင်း 

သူ ပေးခဲ့တာ … 

အကြည့်စူးစူးတစ်ချက်ပါပဲ.. ကိုယ့်မှာသာ 

ဟန်ရေးပျက်…ကိန်းစဉ်တွေ ပြောင်းပြန်လန် 

မချော်လဲဘဲ … 

ရောရောထိုင်ရတာလဲ မကြာခဏပါဘဲ… 




အစိမ်းလိုက်ပြုစားခံလိုက်ရတဲ့ရက်စွဲတချို့





ထားခဲ့ရမယ့် အရာဆိုတာ 

သိရက်နဲ့ 

အဲ့ဒီ … လက်ကျန် 

အတ္တခပ်ပါးပါးလေးက 

ရစ်လို့ ငင်လို့ 

တွယ်တာလို့ ကောင်းတုန်း 

စွန့်ပစ်သင့်တယ်ဆိုတာ သိပေမဲ့ … 

ဆက်လက်ဝတ်ဆင်ထားချင်သေးတဲ့ 

ကိုယ်နဲ့မသင့်တော်တဲ့ 

အင်္ကျီတစ်ထည်နဲ့တူတဲ့… 

အဲဒီအချစ်က 

အစိမ်းရောင်ဘာသာဗေဒနဲ့ 

ရက်လုပ်ထားတယ် .. 

(သိပြီးသားပါပဲ) 




အခါလွန် “မိုး”





သွားစမ်းပါကွယ် 

ဝေးဝေးမှာ သွားပြောစမ်းပါ 

ငါနားမထောင်ချင်တော့တဲ့ 

နင့်ရဲ့မူလတန်းဖတ်စာအုပ်ထဲက 

ရိုးရာပုံပြင်နဲ့ ယုံတမ်းစကားတွေ 

ရိုးရိုးလေးပဲ တခြားတစ်ယောက်ကို 

သွား . . ပြောစမ်း . . ပါ....။ 


ထုံပေပေဖြစ်နေတဲ့ ငါ့ရင်ဘတ်က 

ချည်တိုင်မဲ့အလွမ်းတွေအတွက် 

နင်ပြောခဲ့ဖူးတဲ့ “သစ္စာ” ဆိုတာ 

ရက်လွန်နေတဲ့ ပေါင်မုန့်တစ်လုံးလိုဘဲ 

(ချဉ်စုတ်စုတ်နဲ့)..…။ 





Tuesday, October 14, 2014

သူမာန်ထန်သွားပြီလေ..


သူ့အကောင့်လေး စိမ်းနေပေမယ့်
မခေါ်ဖြစ်တော့ဘူး...မမြင်သလိုနေေ
ပးလိုက်တယ်
သူမှ စကားမပြောချင်တာလေ.....

သူစာမျက်နှာလေးကို သတိရတိုင်း
သွားမကြည့်ဖြစ်တော့ဘူး
သူနှလုံးသားလေးက
ကိုယ့်ဘ၀လေးထဲမှ မပျော်နိုင်တော့တာ

လွမ်းဆွတ်တိုင်း မငိုဖြစ်တော့ဘူး
သူသိဖို့လည်း မကြိုးစားဖြစ်တော့ပါဘူး
သူမှာ ငါကိုမလိုအပ်တော့တာပဲလေ.......

ငါ့လွမ်းတယ်ဆိုတာ သူသိဖို့ 
မရေးဖြစ်တော့ပါဘူး
ငါတမ်းတနေတယ်ဆိုတာ သူသိဖို့ 
ကဗျာမဖွဲ့ တော့ဘူး
ငါအချစ်တွေ မပျက်ပဲ
အရင်လို ချစ်နေဆဲဆိုတာ သူသိဖို့ 
မကြိုးစားတော့ဘူး...............
သူနှလုံးသားက ငါအတွက်
မာန်ထန်နေခဲ့ပြီလေ.............