Wednesday, December 9, 2015

*** ရှမ်းနီတို့၏ သမိုင်းကို တူးဖော်ကြည့်ခြင်း ***

 ရှမ်းနီတို့၏ သမိုင်းကို တူးဖော်ကြည့်ခြင်း 








နန်ချောင်(Nan Chao)ခေတ်သည် AD649တွင် စတင်ခဲ့သည်ဟု သမိုင်းပညာရှင်များကသုတေသန ပြုဖော်ထုတ်ခဲ့ကြသည်။ ရှမ်းများက လန့်စဝ်ဟုလည်းကောင်း နမ်စဝ့်ဟုလည်းကောင်း ခေါ်ဝေါ်ကြပြီး မြန်မာသမိုင်း စာအုပ်များတွင် နန်ချောင် / နန်စော/နန်ချိုဟူ၍ရေးလေ့ရှိ ပါသည်။ မည်သို့ပင်ဆိုစေကာမူ နန်ချောင်အင်ပါယာသည် ရှမ်းတို့၏ ပထမအင်ပါယာကြီးပင်ဖြစ်ပါသည်။ သမိုင်းပညာရှင် ဦးစိုင်းအောင်ထွန်း၏ "ရှေးခေတ်တိုင်းလူမျိုးများ မူလနေထိုင်ရာ အရပ်ဒေသများနှင့် အာရှအရှေ့တောင်ဖက်သို့ ဆင်းသက်ပြန့်ပွား လာပုံစာအုပ်"တွင်-
"အိုက်လောနိုင်ငံတော် ပျက်စီးသွားပြီးနောက် အိုက်လောတိုင်း(ရှမ်း)များသည် တောင်ဖက်ဒေသသို့ ပြောင်းရွှေ့လာကြပြီး အသီးသီးသောနိုင်ငံ မြို့ပြကျေးရွာများကို တည်ထောင်ကြသည်။ ထိုသို့နိုင်ငံအသီးသီး ထူထောင်ကြရာ၌ အင်အားတောင့်တင်း၍ ခိုင်မာစွာ လွတ်လပ်စွာ တည်ရှိသော နိုင်ငံသည် ယူနန်ဒေသအတွင်းရှိ မိန်းဆည်ဖြစ်သည်။ "
ဟူ၍ နန်ချောင်နိုင်ငံတော်၏ တည်နေရာကို ဖော်ပြထားပါသည်။
နန်ချောင်နိုင်ငံတော်ကို တည်ထောင်ခဲ့သော ဘုရင်မှာ စီနုလိုSi Nu Lao ဖြစ်သည်။ ထိုဘုရင်သည်ခြောက်ပြည်ထောင်ကွဲနေ သော ရှမ်းနိုင်ငံများကို စုစည်းအုပ်ချုပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံတော်၏ မြို့တော်ကို ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ဒေသ ကျိန်းဟုန့်အနီးတွင် တည်ထောင်ခဲ့သည်ဟု သိရပါသည်။ အရှင်သုခမိန္ဒ၏ "ရှမ်းတိုင်းရင်းသားများ၏ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ"စာအုပ်တွင်-
" ဤရှမ်းခြောက်ပြည်ထောင်တို့တွင် ဘုရင်စီနုလို၏ နိုင်ငံသည် မိန်းဆည်ချောင်Mong She Chaoဖြစ်ပြီး 22°N&100.6°E ဆစ်ဆောင်ပန်းနား ကျိန်းဟုန့်အနီးတွင် တည်ရှိသည်။"
ဟူ၍ ဖော်ပြထားပါသည်။
နန်ချောင်ဘုရင်စီနုလိုတွင် သားတော်လိုရှဲန်Lo Shangရှိပြီး အိမ်ရှေ့အရာထားခဲ့သည်။ AD674တွင် စီနုလို နတ်ရွာစံပြီး နောက် သားတော်လိုရှဲန်သည် AD674တွင် နန်းတက်ခဲ့သည်။ လိုရှဲန်၏ အရိုက်အရာကို သားတော် ရှဲန်လိုပီ Shang Lo Piက AD712တွင် ဆက်ခံခဲ့သည်။ ရှဲန်လိုပီ၏ အရိုက်အရာကို ဆက်ခံသူမှာ သူ၏သားတော် ပီခိုလို Pi Lo Ko ဖြစ်သည်။ ပီလိုခိုတွင် သားတော်(7)ပါးရှိပါသည်။ ၄င်းတို့မှာ
၁။ ခိုလိုဖုန်း ပဉ္စမနန်ချောင်ဘုရင်
၂။ တောဝ်ကမ်ဖောင်း ကျိန်းရှဲန်ဘုရင်
၃။ ခွန်ဖရမ်း နောင်ချယ်ဘုရင်
၎။ ချတ်ချောင် ကျိန်းခွင်ဘုရင်
၅။ ချူးဆောင် တုံကင်းဘုရင်
၆။ ခရွမ်း ခမွန်(တာခိုက်)ဘုရင်
တို့ ဖြစ်ကြသည်။AD748တွင် ပီလိုခို နတ်ရွာစံပြီးနောက် သားတော် ခိုလိုဖုန်းသည် AD748တွင် နန်ချောင်ထီးနန်းကို ဆက်ခံခဲ့သည်။ မြို့တော်ကို တာလီဖူးသို့ ပြောင်းရွှေ့ခဲ့သည်။ နန်ချောင်ခေတ်၏ အထက်မြက်ဆုံးမင်းဖြစ်သည်ဟု သမိုင်းပညာ ရှင်တို့က မှတ်တမ်းတင်ထားကြသည်။ နန်ချောင်အင်ပါယာသည် အနောက်ဖက်သို့ အင်အားချဲ့ထွင်ခဲ့ရာ မြန်မာပြည်မြောက်ပိုင်း သည် နန်ချောင်အင်ပါယာအတွင်းသို့ ပါဝင် လာခဲ့သည်။
ခေးဆိုင်၏ The Origin of Tais and A short History of Shanစာအုပ်တွင် -
" AD754- 763ခုနှစ်တွင် နန်ချောင်တပ်မတော်သည် မြန်မာပြည်မြောက်ပိုင်ရှိ တောင်ပိုင်းတိုင်းရင်းသားများကို သိမ်းသွင်းခဲ့သည်။ ပူတာအိုတွင် နန်ချောင်တပ်များ တစ်နှစ် တပ်စွဲခဲ့သည်။ ကချင်ပြည်နယ်နှင့် ချင်းတောင်တို့တွင်လည်း ထိုစဉ်က ရှမ်းလူမျိုးများရောက်ရှိနေကြပြီး ဖြစ်သည်။"
ဟူ၍ ဖော်ပြထားပါသည်။
ထိုကချင်ပြည်နယ်မှသည် ချင်းတောင်အထိ ရှိနေသော ရှမ်းများသည် မည်သည့်ရှမ်းများ ဖြစ်လေသနည်း။ မည်သည့်မြို့ပြ များကို တည်ထောင်နေပါသနည်း။ ထပ်၍ လေ့လာကြည့်ပါစို့။
"မြန်မာအစ တကောင်းက" ဟူသော ဆိုရိုးရှိပါသည်။ ထိုတကောင်းသည် သေချာလေ့လာကြည့်ပါက ရှမ်းမြို့ပြဖြစ် သည်ကို သိရှိရပါသည်။ ရှမ်းဘာသာအရ တာ=ဆိပ်ကမ်း/ ကောင်း= စည်တော် (ဝါ)အစုအပုံ ဟူ၍ ဖြစ်ရာ စည်တော်နိုင်ငံ(Drum City) သို့မဟုတ် စည်ကားသော ဆိပ်ကမ်းမြို့တော်ဟု ပြန်ဆိုနိုင် ပါသည်။ မြန်မာအစတော့ ဟုတ်မည်မထင်ပါ။ တကောင်းသည် BC300ကျော်တွင်စတင်ပြီး တကောင်း၏ ပထမဆုံးမင်းမှာ တောဝ်တာပန်မင်းဖြစ်ပါသည်။ ထိုမင်းတွင် သားသမီးမထွန်းကာပဲ တူတော်ကိုအိမ်ရှေ့အရာထား ခဲ့သည်။ သို့သော် သူ၏နန်းကို ဆက်ခံသူမှာ တူတော်ဖြစ်မလာဘဲ မွေးစားသားကသာ ဆက်ခံခဲ့ရသည်။ ထိုအခါ တူတော်၏ အနွယ်များမှာ အနီရောင်တိုင်များဖြစ်သည်ဟု ကော်ကျန်ပိ မင်းနိုင်ငံ သုတေသနပြုချက်စာတမ်းတွင် ဖော်ပြထားပါသည်။ ထိုအချက်အရ မြန်မာပြည်မြောက်ဖျားတွင်ရှိသော ရှမ်းတိုင်းရင်းသားများမှာ ရှမ်းနီတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မြန်မာပြည်အထက်ပိုင်းရှိ ထင်ရှားသော ဒုတိယမြို့ပြနိုင်ငံမှာ ကျားဖြူမင်း၏အုပ်ချုပ်ရာ စည်ခမ်းနိုင်ငံဖြစ်ပါသည်။ ထိုနိုင်ငံသည် BC300မတိုင်မီကပင် တည်ထောင်ပြီးဖြစ်သည်ဟု ဟူးကောင်းသလ္လာ မြစ်ဧရာနှင့် ရှမ်းမျိုးနွယ်စု စာတမ်းတွင် ဖော်ပြထားပါသည်။ ထိုစည်ခမ်းနိုင်ငံသည် နန်ချောင်အင်ပါယာ တွင် ပါဝင်လာခဲ့သည်မှာ ဆွေမျိုးတော်စပ်မှုကြောင့်ဟု ဆိုနိုင်ပါ သည်။ ကျားဖြူမင်းနှင့် နန်ချောင်မင်း၏ သမီးတော် နန်းမွန်းတို့လက်ဆက်ခဲ့ကြသည်ကို မိုးညှင်းကန်ဦးဆရာတော် ဦးပညောဘာသပြုစုသော ကျားဖြူရှင် ဘုရားသမိုင်းတွင် လည်းကောင်း ခန္တီးဆရာတော်ပြုစုသော ဝန်းသိုရာဇဝင်သစ် တွင်လည်းကောင်းဖော်ပြထားပါသည်။
နန်ချောင်နှင့် စည်ခမ်းတို့တို့ ပေါင်းဖက်နိုင်လိုက်ရာ ရှမ်းသမိုင်းတွင် ရှေးကျသော အင်အားကြီးသော မြို့ပြနိုင်ငံ(4)မြို့ ထပ်မံပေါ်ပေါက်လာခဲ့သည်။ ထို(4)မြို့မှာ
၁။ မိုးကောင်း
၂။ မိုးညှင်း
၃။ မိုးမိတ်
၎။ ဝန်းသို
တို့ဖြစ်ကြသည်။ ထိုမြို့များကို ကျားဖြူမင်းနှင့် နန်းမွန်းမင်းသမီး တို့၏ သားတော်များဖြစ်များက တည်ထောင်ခဲ့ကြသည်။ဤသည် ကို-
" ထိုသားတော်တို့ အတိတ်နိမိတ်ကောင်းအရ တည်ခံသောမြို့သုံးမြို့သည် ယခုတိုင် အောက်ပါအတိုင်း တည်ရှိ နေဆဲဖြစ်သည်။
၁။ မိုးမိတ် (ဓားမြှောင်မြေသို့ စိုက်ရာမြို့)
၂။ မိုးကောင်း( စည်အသံမြည်သောမြို့)
၃။ မိုးညှင်း ( ဆင်ဦးကင်းတွင် ဗျိုင်းနားရာမြို့)
တိုသားတော်တို့၏ နောက်မှမွေးဖွားလာသော သားတော်ငယ်ကို မူကား ခမည်းတော် ကျားဖြူမင်းကိုယ်တိုင် ဝန်းသိုကိုတည်၍ အမွေပေးအုပ်ချုပ်စေခဲ့သည်။"
ဟူ၍ "ဟူးကောင်းသလ္လာ မြစ်ဧရာနှင့် ရှမ်းမျိုးနွယ်စု စာတမ်း"တွင် ဖော်ပြထားပါသည်။ ထိုစည်ခမ်းနိုင်ငံရှိရှမ်းများ၏ ဇစ်မြစ် အနွယ်ကို လက်ရှိနေထိုင်သော ရှမ်းလူမျိုးများနှင့် ယှဉ်တွဲ လေ့လာလိုက်သောအခါ ရှမ်းနီတိုင်းရင်းသားများဟု ဆိုနိုင်သည်ကို တွေ့ရှိရပါသည်။
တတိယမြို့ပြနိုင်ငံသည် ဘုရားရှင်လက်ထက် BC600ခန့်တွင် ပေါ်ပေါက်လာသော သောင်သွပ်မြို့ပြနိုင်ငံဖြစ်ပါသည်။ တည်ထောင်သောမင်းမှာ ဆေဟန်ဖ Sao Han Fa ဖြစ်ပါသည်။ ထိုသောင်သွပ်နိုင်ငံသည် မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယနိုင်ငံ အစပ်လောက်တွင်တည်ထောင်ခဲ့သည်ကို The Upper Burma Gazetter Volume-A တွင်ဖော်ပြထားပါသည်။ ထိုစာအုပ်တွင်-
" သောင်သွပ်ဟူသောဝေါဟာရကို စီစစ်သော် လတ္တီကျုတွဒ်၂၄° ၃၁နှင့် ၉၃°၄တွင် Thap of Old SamJokဟူသော အရပ်တစ်ခုအရပ်တစ်ခုကို တွေ့ရှိနိုင်သည်။"ဟုဖော်ပြထားခြင်း အားဖြင့် သိရှိရပါသည်။
သောင်သွပ်နိုင်ငံကို အုပ်ချုပ်ခဲ့သော မင်းများကို လေ့လာကြည့်ရာတွင် မူရင်းမင်းဆက်နှင့် ပုဂံမှလာသော မင်းဆက်ဟူ၍ နှစ်ဆက်ရှိသည်ကို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် သောင်သွပ်အမတ်ဆက်သွင်း သော သောင်သွပ်စစ်တမ်းအရ သိရှိရပါသည်။ မူလမင်းဆက်သည် မည်သည့်မင်းဆက်ဖြစ်သည်ကို သိရန်ခက်ခဲသော်လည်း ပုဂံမှလာသော မင်းဆက်(စဝ်ချီဖ)သည် တကောင်းရှမ်းသွေးမကင်းသည်ကို ကော်ကျန်ပိမင်းနိုင်ငံ သုတေသနပြုချက်စာတမ်းအရ သိရှိရပါသည်။ ထိုသို့ဆိုလျှင် ဤ မင်းဆက်သည် ရှမ်းနီမင်းဆက်ဟု ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တကောင်းရှမ်းမင်းများသည် ပျူတို့၏ ရန်မှကာကွယ်ရန် ပုဂံ(ပူးကမ်မူ)ကို တည်ထောင်ကြောင်း ထိုသုတေသနစာတမ်းက ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။
ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများစာအုပ်တွင် ရှဲန်ဆည်မင်း ခွန်တိုင်ခန် (AD957-1068)၏ သားမြေးများအုပ်ချုပ်ရာဒေသများကို လေ့လာကြည့် သောအခါ -
"(၂) သားတော် ခွန်ခမ်းခိုင် (ကျိုင်းလောင်/ မိန်းလျဉ်း/ ဗန်းမော်/မိုးညှင်း/မိုးကောင်းကို အုပ်ချုပ်သည်။)
(၅) မြေးတော် ခွန်ခမ်းပေါင်ဖ(ကလေး/ဝန်းသိုကို အုပ်ချုပ်သည်။)"
ဟူ၍ တွေ့ရပြန်ပါသည်။ ထိုသို့ အုပ်ချုပ်သော စနစ်ကိုလေ့လာ ကြည့်သောအခါ အထက်မြန်မာနိုင်ငံရှိ ရှမ်းနီမြို့ပြ နိုင်ငံများသည် အင်ပါယာနိုင်ငံတော်ကြီးတွင် စည်းလုံးစွာ ပါဝင်နေထိုင်ကြ သည်ကိုတွေ့ရပါသည်။ အထူးသဖြင့် ထိုကာလကတည်းက အုပ်ချုပ်ရေးအတတ်ပညာပြည့်ဝစွာရှိသော မြို့ပြနိုင်ငံများကို တည်ထောင်နိုင်ပြီဖြစ်သော အင်အားကြီးမားသော ရှမ်းနီတို့၏ အခြေအနေကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
ခွန်တိုင်ခန်၏ မြေးတော်တောဝ်ငါးလုမ်းAD975- 1075သည် မိုင်းမော၏ ပထမဆုံးမင်းဖြစ်လာသည်။ ထိုမင်း၏ သားတော် ခွန်တုံAD1075-1177လက်ထက်တွင် ပုဂံနှင့် အဆက်အဆံရှိ ကြောင်းသိရသည်။ ခွန်တုံ နတ်ရွာစံသောအခါ နန်းဆက်မရှိသော ကြောင့် ရှန်ဆည်မှ မင်းဆက်ကို သွားရောက်ပင့်ဆောင်ရာ ရှဲန်ဆည်မင်း ခွန်တိုင်ပုံAD1068-1179 ၏သားတော်ခွန်ဖန်ခမ်းကို ပင့်ဆောင်ခဲ့ကြသည်။ ခွန်ဖန်ခမ်းသည် AD1177တွင်မိုင်းမော၏ တတိယမင်းဖြစ်လာသည်။ ခွန်ဖန်ခမ်း သည် မိုင်းမောဘုရင်မ နန်းအီခမ်းလှိုင် AD1295-1311/ မိုင်းမောဘုရင် စဝ်ဆေခန်ဖAD1311-1364နှင့် မိုးကောင်းဘုရင် စဝ်ခွန်ဆာမ်လုံ(စဝ်ဆာမ်တာ) တို့၏ ခမည်းတော်ဖြစ်ပါသည်။
မိုင်းမောခေတ်တွင် ထင်ရှားသော မင်းမှာ စဝ်ဆေခန်ဖဖြစ်သည်။ သူ၏ အင်ပါယာသည် အရှေ့ဖက်ဗီယက်နမ်မှသည် အနောက် ဖက် အာသံအထိရှိသည်ဟု ရှမ်းသုတေသန ပညာရှင်တို့က ဆိုပါသည်။ ထိုမင်းသည် AD1311တွင် မိုင်းမောပြည်ကို အုပ်စိုးခဲ့သည်။ မိုင်းမောပြည်ကို အုပ်ချုပ်ပြီနောက် အင်ပါယာချဲ့ထွင်သည့်အနေဖြင့် ညီတော် စဝ်ခွန်ဆမ်လုံ (မိုးကောင်းဘုရင်)နှင့်အတူ ရှမ်းပြည်ထောင်များကို စုစည်းအုပ်ချုပ်ခဲ့ပါသည်။ ထိုသို့ စုစည်းရာတွင် ညီတော် စဝ်ခွန်ဆမ်လုံ၏ အကူအညီမှာ များစွာ အရေးပါခဲ့သည်။ ညီတော် စဝ်ခွန်ဆာမ်လုံသည် မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်များ ဖြစ်ကြသော မိုးကောင်း မိုးညှင်း ဝန်းသို သောင်သွပ် ကလေး တို့ကို မိုင်းမောအင်ပါယာအတွင်းသို့ ပူးပေါင်းပါဝင်စေခဲ့သည်။ ထို့အပြင် အာသံ အရူနာချာပရာဒေ့ရှ် စသော အိန္ဒိယမြောက် ပိုင်းဒေသများကိုပါ ထိန်းချုပ်အုပ်စိုးနိုင်ခဲ့သည်။ ဤသည်ကို ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်/ ဟူးကောင်းသလ္လာ မြစ်ဧရာနှင့် ရှမ်းမျိုးနွယ်စုစာတမ်း/ တိုင်းခမ်းတီ သမိုင်းသုတေသနစာတမ်း များတွင် တွေ့နိုင်ပါ သည်။
အထက်ပါစာတမ်းများအရ စဝ်ခွန်ဆမ်လုံသည် သူ၏ တပ်မတော်ကြီးတွင် ရှမ်းနီနှင့် ခန္တီးရှမ်းများကို အမှုထမ်းစေကာ မြန်မာပြည်အထက်ပိုင်းဒေသများသို့ ချင်းနင်းဝင်ရောက်ခဲ့သည်ကို တွေ့ရသည်။ ဤသို့ ရှမ်းနီနှင့် ခန္တီး စစ်သည်တော်တို့ ပါဝင်မှုကြောင့် သူ၏ စည်းရုံးရေးမှာ အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မူလကတည်းက မြို့ပြနိုင်ငံများထူထောင်နေခဲ့ကြသည့် ရှမ်းနီများနှင့် စဝ်ခွန်ဆမ်လုံ၏ တပ်မတော်ကြီးမှာ တိုက်ခိုက်ရသည်ဆိုသော သမိုင်းအထောက်အထားများကို မတွေ့ရသောကြောင့်ဖြစ်သည်။
စဝ်ခွန်ဆာမ်လုံသည် မိုးကောင်းကို ဗဟိုပြု၍ ပူတာအိုဒေသရှိ ခမ်းတီးလုံပြည်/ချင်းတွင်းမြစ်ရိုး ခန္တီးဒေသနှင့် သောင်သွပ်စော်ဘွားပြည် / ကဘော်ချိုင့်ဝှမ်းဒေသရှိ ကလေး တမူး ခမ်းပတ် စော်ဘွားပြည်/အိန္ဒိယရှိ အာသံပြည်တို့ကို စည်းရုံး အုပ်ချပ်နိုင်ခဲ့သည်ကို ထိုဒေသများရှိ ရှေးဟောင်း ဗုဒ္ဓဘာသာ အဆောက်အဦးများ မြို့ဟောင်းများ ခံတပ်ဟောင်းများက သက်သေတည်နေပါသည်။
တရုတ်စစ်ကြောင့် AD1420တွင်မိုင်းမောအင်ပါယာ ပျက်စီးသောအခါတွင်မူ မိုင်းမောပြည်တွင် ကျန်ရှိနေသော ရှမ်းနီများသည် အမျိုးအနွယ်တူသော ရှမ်းနီများရှိရာ မြန်မာပြည်အထက်ပိုင်းသို့ ထပ်မံဝင်ရောက်လာသည်ကို သမိုင်းမှတ်တမ်းများနှင့် ဒေသခံဘိုးဘွားတို့၏ နှုတ်ပြောသမိုင်းများကို အခြေခံ၍ သိရှိနိုင်ပါသည်။ ခေးဆိုင်၏ The Origin of Tais and A Short History of Shan စာအုပ်တွင်-
" တရုတ်တို့၏ ရန်ကို ကြောက်သဖြင့် ရှမ်းပြည်သူလူထု အများအပြား ချင်းတွင်းမြစ်အတိုင်းဆန်တက်၍ အာသံအထိ ရွှေ့ပြောင်းနေထိုင်ကြသည်ဟု ဆိုသည်"
ဟူ၍ ဖော်ပြထားရာ ရှမ်းနီများဝင်ရောက်လာသည်မှာ ပို၍ ထင်ရှားလာပါသည်။
ခြုံငုံသုံးသပ်ရလျှင် အထက်မြန်မာပြည်သို့ ရှမ်းနီများရောက်ရှိလာချိန်သည် BC 600မှ BC300အတွင်း ပထမဆုံးရောက်ရှိလာသည်ဟုဆိုနိုင်ပါသည်။ ထို့နောက် နန်ချောင်ခေတ်AD754တွင် နန်ချောင်တပ်မတော်နှင့်အတူ ထပ်မံဝင်ရောက်ပါသည်ဟု ယူဆရသည်။ တတိယဝင်ရောက်လာချိန်သည် AD 1311 -1320ကာလ အတွင်း ဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စဝ်ခွန်ဆာမ်လုံ မြန်မာပြည်အထက်ပိုင်းနှင့် အာသံသို့ စစ်ချီချိန်ချိန်မှာ AD1320တွင် ဖြစ်သည်ဟု သမိုင်းပညာရှင်တို့က ဖော်ပြကြသောကြောင့် ဖြစ်ပါသည်။ စတုတ္ထအကြိမ်ဝင်ရောက်လာချိန်မှာ AD 1420အလွန်ကာလများ ဖြစ်သည်ဟု ဆိုနိုင် ပါသည်။ ထိုမှတ်တမ်းများအရ အထက်မြန်မာပြည်ရှိ ဒေသများသည် ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ဒေသအစစ် ဖြစ်သည်ကို သိရှိနိုင်ပေသည်။ ထို့အပြင် ရှမ်းနီတိုင်းရင်းသားတို့၏ တန်ခိုးသြဇာ ကြီးမားမှု မျိုးနွယ်အင်အားကြီးမားမှုနှင့် မြို့ပြဆိုင်ရာ ယဉ်ကျေးမှုများ မြင့်မားစွာ ထွန်းကားနေမှုတို့ကို ဂုဏ်ယူဖွယ်ရာ သိမြင်လာရပေသည်။ သမိုင်းကြောင်းခိုင်လုံစွာ တည်ရှိခဲ့သော ရှမ်းနီတိုင်းရင်းသားတို့၏ ဂုဏ်ကို လက်ရှိ ရှမ်းနီတိုင်းရင်းသားများ
က မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းလုးံစွာဆက်လက်ထိန်းသိမ်းနိုင်ကြ ပါစေကြောင်းကို ဤ ဆောင်းပါးဖြင့် တိုက်တွန်းလိုက်ရပါသည်။
Thank you .
- Shan Fashion -
Credit-
ဆေခမ်းဖ
မန္တလေးတက္ကသိုလ်

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment